24 C
Yangon

စဉ့်ကူးမြို့နယ်၊ သီလရွာတွင် နေထိုင်သော စစ်ဘေးရှောင် ပြည်သူများကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၅ ဦးသေဆုံးပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာရ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၀

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ သီလရွာတွင် နေထိုင်သော စစ်ဘေးရှောင် ပြည်သူများကို အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၅ ဦးသေဆုံးပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စဥ့်ကူး မြို့နယ် ပကဖ သတင်းတာဝန်ခံ ကိုသံမဏိက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် ရွှေဘိုမြို့နယ်၊ ကျောက်မြောက်ရွာမှ အကြမ်းဖက် စစ်သားများသည် စဉ့်ကူးမြို့နယ်၊ သီလရွာအတွင်း နေထိုင်သော စစ်ဘေးရှောင် ပြည်သူများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၄ ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိုသို့ ထိခိုက်ဒဏ်ရာရရှိသူများကို ဆေးရုံသို့ ပို့ဆောင်နေစဉ် ပြည်သူ ၁ ဦး ထပ်မံ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ရွှေဘိုနယ် ကျောက်မြောင်းကျေးရွာက စစ်ခွေးတွေက စဉ့်ကူးနယ် သီလရွာမှာ နေထိုင်တဲ့ စစ်ဘေးရှောင် ပြည်သူတွေကို ဒရုန်းနဲ့ ဗုံးကျဲ တိုက်ခိုက်ခဲ့တာပါ။ ပြည်သူ ၄ ဦးကတော့ နေရာမှာတင် သေဆုံးပြီး ၁ ဦးကတော့ ဆေးခန်းအပို့ လမ်းမှာ ဆုံးတာပါ။ ထိခိုက်ဒဏ်ရာရတာ ၁၄ ဦးရှိတယ်။ သေဆုံးသူတွေက အမျိုးသမီး ၃ ဦး ၊ ကလေး ၁ ဦးနဲ့ အမျိုးသား ၁ ဦး သေဆုံးတယ်လို့ သိရတယ်။ စစ်ခွေးတွေက စစ်ရှောင်တွေ ရှိတဲ့နေရာတွေ လိုက်ကျဲနေတာပါ” ဟု စဥ့်ကူး မြို့နယ် ပကဖ သတင်းတာဝန်ခံ ကိုသံမဏိက ပြောဆိုသည်။

အလားတူ ဒီဇင်ဘာလ ၁၁ ရက်နေ့ကလည်း စဉ့်ကူးမြို့နယ်၊ လက်ပန်လှရွာရှိ ပြည်စိုးအောင် ရပ်ကွက်နှင့် ပင်လယ်ကြီး ရပ်ကွက်ကို အကြမ်းဖက် စစ်တပ်၏ တံတားဦး လေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၂ စီးက လေကြောင်း တိုက်ခိုက်မှု ၅ ကြိမ် ပြုလုပ်ခဲ့သောကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်များလည်း ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ – ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် လက်ပန်လှရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ်များ မီးလောင်နေစဉ်

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article