စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အတွင်း စစ်ကြောင်းထိုးခဲ့သော အကြမ်းဖက် စစ်တပ်က ကျေးရွာ ၇ ခုကို မီးရှို့ဖျက်ဆီးမှု နေအိမ် ၃၀၀ ကျော် မီးလောင်ပြာကျခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက် ၁၀ နာရီခန့်မှစတင်ပြီး ယင်းမာပင်မြို့နယ်၊ ကျောက်မှော်ကျေးရွာကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် ကျောက်မှော်ကျေးရွာမှ ပြည်သူများ အပါအဝင် အနီးအနားရှိ ကျေးရွာ ၁၀ ခုကျော်မှ သောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဒီဇင်ဘာလ ၁၇ ရက်နေ့နှင့် ၁၈ ရက်နေ့တို့တွင် ယင်းမာပင်မြို့နယ် အတွင်းရှိ ကျောက်မော်ရွာ ၊ ပတိန်ပြင်ရွာ ၊ ကျွန်းမော်ရွာ ၊ ကြက်လျှာရွာ ၊ အင်းဘတ်ရွာ ၊ နှောပင်ရွာ နှင့် ကျောက်ကုန်းရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၃၀၀ ကျော် မီးလောင် ပြာကျခဲ့ကြောင်း သိရှိရသည်။
“ပြည်သူတွေ ဖမ်းဆီး သတ်ဖြတ်ခံရတာ ရှိမရှိဆိုတာကတော့ မကြားမိသေးဘူး။ စစ်ခွေးတွေ မီးရှို့ဖျက်ဆီးသွားလို့ အိမ်ထောင်စု ၂၂၉ စု အိုးမဲ့အိမ်မဲ့ ဖြစ်သွားတယ်။ နေအိမ် က ၃၀၀ ကျော် မီးလောင်ပြာကျသွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ရှိ ကျေးရွာ ၃ ခုကို လည်း အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် နေအိမ် ၅၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက်မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၁၅ ရက်နေ့ မွန်းလွဲပိုင်းတွင် မုံရွာမြို့နယ်တောင်ဘက်ရှိ ကျေးရွာများကို မုံရွာ-မန္တလေး လမ်းပိုင်း စွမ်းရည်ထက်ဆီဆိုင်ဂိတ်၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ပေါက်ပင်ရွာ၊ တံခွန်တိုင်ရွာနှင့် နဂါးတွင်းရွာ အတွင်းရှိ နေအိမ် ၅၂ လုံး မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ စစ်တပ်၏ မီးရှို့ဖျက်ဆီးခြင်းကြောင့် အမျိုးသား ၈၈ ဦး၊ အမျိုးသမီး ၁၁၈ ဦး၊ စုစုပေါင်း ၂၀၆ ဦး အိုးမဲ့အိမ်မဲ့ဖြစ်ကာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
“မုံရွာ-မန္တလေး လမ်းပိုင်း စွမ်းရည်ထက်ဆီဆိုင်ကနေ ထွက်လာတဲ့ စစ်ကြောင်းက ပေါက်ပင်၊ တံခွန်တိုင်၊ နဂါးတွင်းရွာတွေကို စစ်ကြောင်းထိုး မီးရှို့သွားတာ နေအိမ် ၅၂ လုံး ပြာကျပျက်စီးသွားတယ်” ဟု စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက်မှ တာဝန်ရှိသူက ပြောဆိုသည်။
ထို့ပြင် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ ဝမ်ပေါင် ကုမ္ပဏီကိုလည်း အကြမ်းဖက် စစ်သားများ ရောက်ရှိနေပြီး ကျေးရွာများကို စစ်ကြောင်းထိုးရန် ပြင်ဆင်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ကျောက်မှော်ရွာဘက်မှ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဝမ်ပေါင် ကုမ္ပဏီအတွင်း အင်အားအများအပြားဖြင့် စုဖွဲ့မှု ပြုလုပ်နေပြီး ကျေးရွာများကို စစ်ကြောင်းထိုးရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း သိရသည်။
“အခု ဝမ်ပေါင်ထဲမှာ စစ်ခွေး အင်းအား အများကြီးရောက်နေတယ်။ စစ်ကြောင်းထိုးမယ်လို့လည်း ကြားထားတယ်။ အခုရောက်နေတဲ့ စစ်ခွေးတွေက ကျောက်မှော်ရွာဘက်က စစ်ခွေးတွေလို့ သိရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။






