24 C
Yangon

မုံရွာမြို့ နမခ မှ ထွက်လာသော ကြေးနီတင်ကားများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး၊ အထက်မင်းလှမြို့နယ်တွင်လည်း တိုက်ပွဲဖြစ်ပွား

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၀

စစ်ကိုင်းတိုင်း မုံရွာမြို့ အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ထွက်လာသော ကြေးနီတင်ကားများကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ ဗိုလ်တိုက်ဂါးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ယနေ့ ဒီဇင်ဘာလ ၂၀ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် မုံရွာမြို့၊ အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မှ ထွက်လာသော အကြမ်းဖက် စစ်တပ် ကြေးနီတင်ဆောင်လာသော ကား ၂၄ စီးပါ ယာဉ်တန်းကို တော်လှန်ရေး တပ်ဖွဲ့များက မြင်မူးမြို့နယ်၊ အလ္လကပ္ပ ရွာထိပ်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထိုမိုင်းဆွဲတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၅ ဦးသေဆုံးကာ ၂ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ကား ၁ စီး ပျက်စီးခဲ့ကြောင်း၊ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။

“အလ္လကပ္ပ ရွာထိပ်မှာ ကြေးနီတင်လာတဲ့ စစ်ခွေးကား ၂၄ စီးပါ ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့တာ စစ်ခွေး ၅ ကောင် သေဆုံးတယ်။ ၂ ကောင်ကတော့ ဒဏ်ရာရတယ်။‌ မြင်မူး ဆေးရုံရောက်မှသိရတာ စစ်ခွေးဘက်က ထိခိုက်ပျက်စီးတာမျိုးကတော့ ကားတစ် ပျက်စီးတယ်။ မုံရွာ နမခကနေ ထွက်လာပြီးတော့ မန္တလေးမြို့ဘက်ကို သွားတာလို့ သိရတယ်” ဟု မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ ဗိုလ်တိုက်ဂါးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို T.G.R ပြည်သူ့ကာကွယ်ရေးတပ် ၊ မြင်းမူမြို့နယ်ပကဖ ၊ အလ္လကပ္ပ တိုက်နယ်ပကဖ ၊ အမုန်းဗျင်းမဲ့ Drone Teams တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။

အလားတူ မကွေးတိုင်း၊ အထက်မင်းလှမြို့နယ် ကညင်းကြီးကျေးရွာအနီး အုပ်ပုံကျေးရွာတို့တွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဗမာပြည်ကာကွယ်ရေးတပ် – USBA မှ ပြန်ကြားရေးတာဝန်ခံ ကိုသာချိုက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဒီဇင်ဘာလ ၁၇ ရက်‌နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် အထက်မင်းလှမြို့နယ်၊ ကညင်းကြီးကျေးရွာအနီး၌ လုံခြုံရေး တာ၀န်များထမ်းဆောင်နေသော ဗမာပြည်ကာကွယ်ရေးတပ် – USBA တပ်ဖွဲ့၀င်များကို ညောင်းဝိုင်းကျေးရွာ ရဲစခန်းမှ စစ်သားများက ဒရုန်းဖြင့် လာရောက် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှု အတွင်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၂၀ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင်လည်း အထက်မင်းလှမြို့နယ်၊ အုပ်ပုံကျေးရွာ၌ USBA တပ်ဖွဲ့၀င်များကို အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲပြီး ကျေးရွာအတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ယင်းထိတွေ့ တိုက်ပွဲသည် မိနစ်ပိုင်းသာ ကြာမြင့်ခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့များ ထိခိုက်မှုရှိသော်လည်း ဒဏ်ရာအခြေအနေ မစိုးရိမ်ရကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့များက သတင်းမှားများသာ ရရှိခဲ့ပြီး မင်းတဲကြီးကျေးရွာမှ စစ်ကြောင်းထွက်လာသည့် သတင်းမရရှိဘဲ ပြည်သူများကို စနစ်တကျ မကာကွယ်ပေးနိုင်ခဲ့သည့်အတွက် တောင်းပန်ကြောင်း ဗမာပြည်ကာကွယ်ရေးတပ် – USBA မှ ပြန်ကြားရေးတာဝန်ခံ ကိုသာချိုက ပြောဆိုသည်။

“လက်ရှိ စစ်ခွေး အင်အားက ၈၀ ကျော်လောက်ရှိတယ်။ ခွေးစစ်ကြောင်းက အုပ်ပုံရွာဘေးမှာပဲ စခန်းချနေပါတယ်။ ပြည်သူတွေ ကို ဖမ်းဆီးတာမျိုးရှိမရှိကိုတော့ အတိအကျ သိရှိဖို့ ခက်ခဲနေဆဲပါ။ မြေပြင်အခြေနေက ကျနော်တို့ ထိန်းချုပ်မှုအောက် ပြန်မရောက်သေးပါ။ ဖမ်းဆီးသွားတာမျိုးတွေ ရှိနိုင်ပေမယ့် အတည်မပြုနိုင်သေးလို့ပါ။ အဲရွာတွေက စစ်ခွေး အမာခံရွာတွေပါ။ ပြီးခဲ့တဲ့လထိ စစ်ခွေးအုပ်ချုပ်ရေးလည်ပတ်ပြီး စစ်ခွေးကျောင်းဖွင့်နေတဲ့ ရွာတွေပါ။ အုပ်ပုံတို့ မင်းတဲကြီးတို့ဆိုတာက စစ်ခွေး အထိုင်စခန်းရှိတဲ့ စစ္စနို့ရွာနဲ့ ၁ မိုင်ကျော်ကျော်ပဲ ဝေးတာပါ။ ဆုံးရှုံးမှုကတော့ ကြီးကြီးမားမား မရှိပါဘူး။ ရုတ်တရက် တိုက်ခိုက်ခံရတာတွေမို့ ကိုယ့်ဘက်က ကောင်းကောင်းမတုံ့ပြန်နိုင်ခဲ့ရုံပါပဲ” ဟု ဗမာပြည်ကာကွယ်ရေးတပ် – USBA မှ ပြန်ကြားရေးတာဝန်ခံ ကိုသာချိုက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article