31 C
Yangon

မြိုင် ၊ ဗန်းမောက်နှင့် တနင်္သာရီမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေယာဉ်၊ Gyrocopter ၊ အသေခံ ဒရုန်းများဖြင့် တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး အဆောက်အဦးများ ပျက်စီး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၁

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ ဘုန်းကြီးကန်ရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ Gyrocopter ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးကာ နေအိမ်များ ပျက်စီးခဲ့ကြောင်း ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ယနေ့ ဒီဇင်ဘာလ ၂၁ ရက်နေ့ မွန်းလွဲပိုင်းတွင် နမခမှ တက်လာသောGyrocopter ၃ စီးက မြိုင်မြို့နယ် မြောက်ခြမ်း ဘုန်းကြီးကန်ရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ဘုန်းကြီးကန်ရွာမှ အသက် ၂၀ နှစ်အရွယ် အမျိုးသမီး ၁ ဦးနေရာတွင် ပွဲချင်းပြီးသေဆုံးကာ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်များလည်း ပျက်စီးခဲ့ကြောင်း သိရသည်။

“စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့တာပါ။ ဘုန်းကြီးကန်ရွာက အသက် ၂၀ နှစ်အရွယ် အမျိုးသမီး ၁ ဦး နေရာတင် ပွဲချင်းပြီး သေဆုံးတယ်။ အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရတယ်။ နေအိမ် ၂ လုံးပျက်စီးသွားတယ်။ ဗုံးသီးကတော့ ၂ လုံးကျဲသွားတာပါ။ ကားဝပ်ရှော့ပေါ် တစ်လုံးကျတယ်။ ရွာအလယ်ပိုင်းက နေအိမ်းလုံးပေါ်ကို ကျတယ်”ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့ မံလူတိုက်နယ် နားပင်ဘုန်းတော်ကြီးကျောင်းဝင်းအနီးရေကန်သို့ အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဗန်းမောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ)မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဒီဇင်ဘာလ ၂၀ ရက်နေ့ ညနေ ၄ နာရီ ၄၃ မိနစ်ခန့်တွင် တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးက ဗန်းမောက်မြို့နယ်၊ မံလူတိုက်နယ် နားပင်ရွာဦး ဘုန်းကြီးကျောင်းဝင်းအနီး ရေကန်သို့ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုလေကြောင်း တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရသည်။

“ပြည်သူတွေ ထိခိုက် ဒဏ်ရာရတာမျိုး မရှိဘူးလို့ သိရပါတယ်‌။ နေအိမ်ပျက်စီးတာမျိုးကို ကျွန်တော်တို့ ဆက်လက်စုံစမ်းနေဆဲပါ”ဟု ဗန်းမောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ)မှ တာဝန်ရှိသူကပြောဆိုသည်။

ထို့ပြင် တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အတွင်းရှိ ပဝထိန်ကျေးရွာကို အကြမ်းဖက် စစ်တပ်က အသေခံ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပဝခရစ်ယာန်ဘုရားကျောင်းအဆောက်အအုံ ထိခိုက်ပျက်စီးခဲ့ကြောင်း KNU – Mergui-Tavoy District က ထုတ်ပြန်သည်။

ဒီဇင်ဘာလ ၁၇ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် တနင်္သာရီမြို့နယ်၊ ပဝထိန်ကျေးရွာအတွင်းသို့ အကြမ်းဖက် စစ်တပ်၏ မော်တုန်းရွာအခြေစိုက် ၃၀၆ အမြောက်တပ်က အသေခံဒရုန်းဖြင့် ဗုံး ၁ လုံး ကျဲချ တိုက်ခိုက်ခဲ့သောကြောင့် ပဝခရစ်ယာန်ဘုရားကျောင်းအဆောက်အအုံ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်က ၎င်းတို့ အုပ်ချုပ်ရာနယ်မြေများတွင် အာဏာဆက်လက်တည်မြဲနိုင်ရေးအတွက် အတုယောင်ရွေးကောက်ပွဲကို အတင်းအဓမ္မပြုလုပ်ရင် ကြိုးပမ်းလျက်ရှိပြီး၊ ထို့အပြင် အကြမ်းဖက် စစ်တပ်က လက်လွတ်ဆုံးရှုံးခဲ့ရသောနယ်မြေများဖြစ်သည့် ကေအဲန်ယူ-မြိတ်ထားဝယ်ခရိုင် အုပ်ချုပ်ရာ ဒေသများအတွင်းရှိ ပြည်သူများကို အကြောက်တရား ဖြစ်ပေါ်စေရန် ရည်ရွယ်ချက်ရှိရှိ လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်လျက်ရှိကြောင်း KNU က ပြောဆိုထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article