မန္တလေးလူထုသပိတ်ခေါင်းဆောင် ကိုထက်မြတ်အောင်သည် စစ်တပ်၏ အကြမ်းဖက်ဖမ်းဆီးခြင်းကို ခံရပြီးနောက် ယနေ့ထက်တိုင် အဆက်အသွယ်ပြတ်တောက်နေသဖြင့် ၎င်း၏အသက်အန္တရာယ်အတွက် လွန်စွာစိုးရိမ်မိကြောင်း ရတနာပုံတက္ကသိုလ်ကျောင်း သားသမဂ္ဂ (ရ.တ.က.သ) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ဒီဇင်ဘာလ ၁၄ ရက်နေ့ ညနေပိုင်း ကျောင်းသားခေါင်းဆောင် ကိုထက်မြတ်အောင်ကို စစ်တပ်က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးခံရစဉ်၌ အကြမ်းဖက်စစ်တပ်က ထိုးကြိတ်ရိုက်နှက် အပါအဝင် အကြမ်းဖက် ဖမ်းဆီးခဲ့ကြောင်း၊ စစ်တပ်က ဖမ်းဆီးချိန်တွင် မတရားအကြမ်းဖက်မှုများ ကျူးလွန်ခဲ့သည်ကိုလည်းစုံစမ်းသိရှိရကြောင်း သိရှိရသည်။
ထို့ပြင် ကိုထက်မြတ်အောင်သည် ဖမ်းဆီးခံရသည့်နေ့မှစ၍ ယနေ့အချိန်ထိ တစ်စုံတစ်ရာ အဆက်အသွယ် မရရှိတော့သည့်အပြင် ၎င်း၏ လက်ရှိအခြေအနေနှင့် ပတ်သက်၍လည်း အကြမ်းဖက်စစ်တပ်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
ထို့ကြောင့် ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂအနေဖြင့် ကိုထက်မြတ်အောင်၏ အသက်အန္တရာယ်အတွက် ထိတ်လန့်စိုးရိမ်ကြောင်း၊အကြမ်းဖက်ဖမ်းဆီးခံထားရသော ကိုထက်မြတ်အောင်၏ လက်ရှိအခြေအနေအား အမြန်ဆုံး ထုတ်ပြန်ပေးရန်လည်း ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ (ရ.တ.က.သ) က တောင်းဆိုထားသည်။
“ကိုထက်မြက်အောင်ကို ဖမ်းဆီးသွားတဲ့ အချိန်ကတော့ ကျန်းမာကောင်းမွန်တဲ့ အခြေ အနေသာဖြစ်တယ်။ ယနေ့အခုအချိန်ထိလည်း ကျွန်တော်တို့ ကိုထက်မြက်အောင်ကို ဖမ်း ဆီးထားတယ် ဆိုတာကို စစ်တပ်က တစုံတရာမထုတ်ပြန်သေးဘူး။ အဲ့အတွက်တော့ ကျနော်တို့ အနေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ သံရုံးတွေကို ပေးပို့ထားပါပြီ။လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ကတော့ စတိတ်မန့်ထုတ်ပြန်တာနဲ့ မလေးရှားအစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကို တိုက်တွန်းထားတာတော့ တွေ့ရပြီ။ သူ့ရဲ့ အသက်အန္တရာယ် လုံခြုံရေးနဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးအပါအဝင်အခြားဆက်လုပ်စရာရှိတာ တောင်းဆို ဆက်လုပ်သွားပါ့မယ်”ဟုရတနာပုံတက္ကသိုလ်ကျောင်း သားသမဂ္ဂ (ရ.တ.က.သ) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ကိုထက်မြတ်အောင်အပါအဝင် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသားအား လုံး ပြန်လည်လွတ်မြောက်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ရတနာပုံတက္ကသိုလ်ကျောင်း သားသမဂ္ဂ (ရ.တ.က.သ) က သတင်းထုတ်ပြန်သည်။
ထို့ပြင် ကိုထက်မြတ်အောင်၏ အသက်အန္တရာယ်လုံခြုံရေးနှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ဝိုင်းဝန်းကူညီပေးကြပါရန် ပြည်တွင်းပြည်ပ မဟာမိတ်အဖွဲ့အစည်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းများကိုလည်း ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ က တိုက်တွန်းနှိုးဆော်ထားသည်။




