ဒီကနေ့ ဒီဇင်ဘာ ၂၃ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာ့အရေး တံခါးပိတ်အစည်းအဝေး ကျင်းပခဲ့မှုအတွင်း ကုလအတွင်းရေးမှုးချုပ်ရဲ့ အထူးကိုယ်စားလှယ်က အကြမ်းဖက် မင်းအောင်လှိုင်နဲ့ တတိယအကြိမ် တွေ့ဆုံမှု အပါအဝင် မြန်မာ့အရေး အခြေအနေတွေကို အစီရင်ခံခဲ့တယ်လို့ ကုလသမဂ္ဂက တရားဝင် သတင်းထုတ်ပြန်လာပေမယ့် ရလဒ်တစ်စုံတစ်ရာကိုတော့ ထုတ်ပြန်မှု မရှိတာကို တွေ့ရပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်ကလုပ်မယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှု ရှိသော အရိပ်အယောင်လုံး၀ မတွေ့ရပဲ အကြမ်းဖက်မှုတွေသာ ပိုမိုဖြစ်ပွားစေနိုင်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီး က သတိပေးပြောဆိုလိုက်ပါတယ်။
ရန်ကုန်၊ မန္တလေးနဲ့ မကွေးတိုင်းဘက်တွေမှာ အကြမ်းဖက် စစ်တပ်ရဲ့ အမိန့်နဲ့ ဘွဲ့ရထားတဲ့ လူစာရင်းတွေ လိုက်လံကောက် ခံနေပြီး စာရင်းကောက်တဲ့ အကြောင်း အရာ မပြောတဲ့အတွက် ပြည်သူတွေ စိုးရိမ်နေရတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။




