26 C
Yangon

ဝက်လက်မြို့နယ်၊ ငါးပတ်ချောင်းရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၃ ဦး သေဆုံးပြီး နေအိမ်များ မီးလောင်နေကာ ထိခိုက်ဒဏ်ရာရရှိသူများပြား၍ သေဆုံးသူ အရေအတွက် ထပ်တိုးနိုင်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၃

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ငါးပတ်ချောင်းရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၃ ဦး သေဆုံးပြီး နေအိမ်များ မီးလောင်နေကာ ထိခိုက်ဒဏ်ရာရရှိသူများပြား၍ သေဆုံးသူ အရေအတွက် ထပ်တိုးနိုင်ကြောင်း Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ယနေ့ ဒီဇင်ဘာလ ၂၃ ရက်နေ့ ညနေ ၄ နာရီ ၂၁ မိနစ်ခန့်တွင် ဝက်လက်မြို့နယ် အရှေ့ခြမ်း ငါးပတ်ချောင်းကို အကြမ်းဖက် စစ်တပ်၏ မိတ္ထီလာလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးက ပေါင် ၂၀၀ ဗုံး ၄ လုံးဖြင့် လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်သွားကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုအတွင်း ကျေးရွာနေပြည်သူ အသက် ၈၀ နှစ်အရွယ် ဒေါ်သန်းမြ ၊ အသက် ၇၅ နှစ်အရွယ် ဒေါ်ကျင် နှင့် အသက် ၂၅ နှစ်အရွယ် ကိုမင်းသန်းတို့ ပွဲချင်းပြီး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားကာ နေအိမ် ၄ လုံးနှင့် ကား ၃ စီး မီးလောင် ပျက်စီးမှုရှိကြောင်း သိရှိရသည်။

“ကျနော်တို့ သိရတာကတော့ ပြည်သူ ၃ ဦးပွဲချင်းပြီးသေဆုံးတယ်။ နေအိမ်တွေလည်း မီးလောင်နေတယ်။ သေဆုံးမှုအရေအတွက်က ထပ်တိုးတွေရှိတယ်။ ဖိုက်တာနဲ့ ဗုံးကျဲပြီး နေအိမ်အောက်မှာ ပိနေတဲ့ ပြည်သူတွေရှိသေးတယ်။ ထိခိုက်ဒဏ်ရာရတာတွေလည်း တော်တော်များတယ်။ စစ်ခွေး ဖိုက်တာက လာရောက်ဗုံးကျဲ တိုက်ခိုက်မှု မပြုလုပ်ခင်မှာ စစ်ခွေး ဒရုန်းက အရင် ကင်းထောက်ပြီးမှ လာကျဲသွားတာ” ဟု Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက ပြောဆိုသည်။

ဝက်လက်မြို့နယ် အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ဒီဇင်ဘာလ ၂ ရက်နေ့မှ ၁၉ ရက်နေ့ထိ လေကြောင်း တိုက်ခိုက်မှု အကြိမ်ကြိမ် ပြုလုပ်ခဲ့ပြီး သံဃာတော် ၁ ပါး အပါအဝင် ပြည်သူ ၁၇ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ဦးကျော်ရှိကြောင်း Wetlet Informational Network က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article