မကွေးတိုင်း၊ အောင်လံမြို့နယ်နှင့် ပဲခူးတိုင်း ပေါက်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ဂိတ်စခန်း၊ ကင်းပုန်း၊ လောင်းကစားဝိုင်းနှင့် ရဲစခန်းတို့ကို တိုက်ခိုက်ရာ စစ်သား ၈ ဦး သေဆုံးခဲ့ကြောင်း ပြည်ခရိုင် တပ်ရင်း ၂ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ရဲဘော် Red Star က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်ခန့်တွင် အောင်လံမြို့နယ်၊ ရွှေပန်းတောတိုက်နယ်ရှိ ပြည်သူများကို ပေါ်တာဆွဲခြင်း၊ အသွားအလာ ကန့်သတ်ခြင်း၊ အဓမ္မဖမ်းဆီး ချုပ်နှောင် ငွေညှစ်ခြင်းများ ပြုလုပ်နေသော စစ်တပ်၏ နတ်မောက်ဂိတ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၁) ဗျူဟာ၊ ပြည်ခရိုင် တပ်ရင်း (၂) နှင့် သရက်ခရိုင် စစ်ဌာန၊ သရက်ခရိုင် တပ်ရင်း (၂)မှ ရဲဘော်များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၈ ဦး သေဆုံးကာ စစ်တပ် ဂိတ်စခန်းရှိ စခန်းမျှော်စင်နှင့် ကင်းတဲ တို့ မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
အလားတူ နိုဝင်ဘာလ ၃၀ ရက်နေ့နှင့် ဒီဇင်ဘာလ ၁ ရက်နေ့တွင်လည်း အောင်လံမြို့နယ် ဇေယျဝတီရပ်ကွက် ဘုရား ၅ ဆူထောင့်ရှိ အကြမ်းဖက် စစ်တပ် ကင်းပုန်းနှင့် စမ်းချောင်းကွက်သစ်ထောင့်ရှိ ပျူစောထီးများ ကင်းစောင့်ပေးနေသော လောင်းကစားဝိုင်းတို့ကို တော်လှန်ရေး တပ်ဖွဲ့များက ၄ဝ မမ ဗုံးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်မှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
ထို့ပြင် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြည်မြို့သို့ ရောက်ရှိနေချိန်တွင် တရားမဝင်ရွေးကောက်ပွဲကို သတိပေးသည့် အနေဖြင့် ပြည်ခရိုင် တပ်ရင်း (၂)၊ တပ်ခွဲ (၃) နှင့် သရက်ခရိုင် တပ်ရင်း (၂) ပူးပေါင်းအဖွဲ့မှ ရဲဘော်များက ပေါက်ခေါင်းမြို့နယ် မြို့မရဲစခန်းရှေ့ကို မိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
“ကျနော်တို့ တိုက်ခိုက်ခဲ့တာကတော့ နေရာတွေများတယ်။ စစ်ခွေး အသေစာရင်း အတည်ပြုနိုင်တာကတော့ အောင်လံမြို့နယ်၊ ရွှေပန်းတောတိုက်နယ် နတ်မောက် စစ်ခွေးဂိတ်စခန်းကို တိုက်ခိုက်တာပဲ အတည်ပြုနိုင်တယ်။ အဲတိုက်ခိုက်မှုမှာ စစ်ခွေး ၈ ကောင်သေဆုံးတယ်။ စခန်းမျှော်စင်နဲ့ ကင်းတဲတွေလည်း မီးလောင်ပျက်စီးတယ်” ဟု ပြည်ခရိုင် တပ်ရင်း ၂ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ရဲဘော် Red Star က ပြောဆိုသည်။
ပြည်သူများ အနေဖြင့် အကြမ်းဖက်စစ်တပ်က ပြုလုပ်မည့် တရားမဝင်ရွေးကောက်ပွဲကို ပူးပေါင်းပါဝင်ခြင်း မပြုရန်နှင့် အကြမ်းဖက်စစ်တပ်နှင့် ပတ်သက် ဆက်စပ် သည့်နေရာများသို့ သွားရောက်ခြင်းမပြုကြရန် အသိပေး ပြောဆိုလိုကြောင်း ရဲဘော် Red Star က ဆက်လက် ပြောဆိုသည်။




