အကြမ်းဖက်မင်းအောင်လှိုင်၏ လူရင်း ဖြစ်သော ကြံ့ဖွတ်ဥက္ကဋ္ဌ ခင်ရီက ၂၀၂၅ ရွေး ကောက် ပွဲ ဝင်ရခြင်းမှာ ဒါနပြုချင်၍ ရွေးကောက် ပွဲဝင်ရခြင်းဖြစ်ပြီး မိနးမနှင့်သားသမီးများမှာ စားနိုင်သောက်နိုင်သော အခြေအနေရှိကာ ဘာမှ မလိုအပ်တော့ကြောင်း ပြောဆိုသည်။
ဒီဇင်ဘာလအတွင်း အဆုံးသတ်တော့မည့် နေပြည်တော် ဇေယျာသီရိမြို့နယ်အတွင်း မဲဆွယ်စည်းရုံးပွဲများတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။
ကြံ့ဖွတ်ခင်ရီက နိုင်ငံတော်အတွက် ဆက်လက် အလုပ်လုပ်ချင်သေးကြောင်း၊ သို့ရာတွင် အသက်အရွယ်ကြီးရင့်နေပြီဖြစ်၍ နိုင်ငံရေးဝင်ရောက်လုပ်ရခြင်းဖြစ်ကြောင်း၊ နိုင်ငံရေး ခြင်းဆိုရာတွင် ပြည်သူကို ဒါနပြုလုပ်ပေးချင်၍ ရွေးကောက်ပွဲဝင်ရခြင်းဖြစ်ကြောင်း၊ မိန်းမနှင့်သားသမီးများမှာ စားနိုင်သောက်နိုင်ဖြစ်ပြီး မည်သည့်အရာမှ မလိုအပ်တော့ကြောင်း ကြံ့ဖွတ်ခင်ရီက ပြောဆိုသည်။
“ကျနော်တတ်ခဲ့တဲ့ပညာတွေ ကျနော်ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံတွေ ကျနော်လုပ်ခဲ့ဖူးတဲ့ ဟာတွေ။ ကျနော် စစ်ဗိုလ်လုပ်ဖူးတယ်။ ဗိုလ်ချုပ်လုပ်ဖူးတယ်။ ရဲချုပ်လုပ်ဖူးတယ်။ ဒုဝန်ကြီးလုပ်ဖူးတယ်။ ခင်ဗျားတို့ဒေသ ကောင်းကျိုးအတွက် ကျနော်က ဒါနပြုချင်တာ။ သားတွေ သမီးတွေ ကျနော့်မိန်းမတွေ အဆင်ပြေပါတယ်။ စားလို့သောက်လို့ရပါတယ်။ မနက်တစ်နပ်၊ ညတစ်နပ်၊ ညနေစောင်းတော့ မစားတော့ဘူး။ ဒီဗိုက်ကြီးက ပူချင်လို့ ပူနေတာ။ သိပ်တောင် မစားတော့ဘူး။ ဘာမှ သိပ်မလိုအပ်တော့ဘူး။ တတ်ခဲ့တဲ့ပညာတွေ ဒီဒေသကို အကျိုးပြုချင်လို့” ဟု ကြံ့ဖွတ်ခင်ရီက ပြောဆိုသည်။
လက်ရှိ ရွေးကောက်ပွဲမှာ နိုင်ငံတကာသံတမန်များ၊ မီဒီယာများနှင့် လေ့လာသူများရှေ့ မှောက်တွင် လုပ်မည့်ရွေးကောက်ပွဲဖြစ်၍ သမိုင်းတွင် အထူးခြားဆုံးရွေးကောက်ပွဲဖြစ် ကြောင်း၊ အွန်လိုင်းပေါ်မှ ဝါဒဖြန့်မှုများကို မယုံကြည်ကြဘဲ မဲသွားပေးကြရန် ၎င်းက တိုက်တွန်းသည်။
ယင်းအပြင် ကြံ့ဖွတ်ခင်ရီက ကြံ့ဖွတ်အစိုးရတက်လာပါက တိုင်းပြည်တွင်ရှိသော အခက် အခဲများအားလုံး ကျော်လွှားနိုင်မည်ဖြစ်ပြီး စီးပွားရေးပိတ်ဆို့မှုများလည်း ရုပ်သိမ်းသွားလိမ့်မည်ဖြစ်ကြောင်း၊ တိုင်းပြည်ပြန်လည် တည်ထောင်ရေးအတွက် ကြံ့ဖွတ်ပါတီက အစီ အမံများ ရေးဆွဲထားပြီးဖြစ်ကြောင်း ပြောဆိုသည်။
ကြံ့ဖွတ်ပါတီဥက္ကဋ္ဌ ခင်ရီမှာ မြောင်းမြမြို့နယ်တွင် မွေးဖွားခဲ့သူဖြစ်ပြီး စစ်တက္ကသိုလ် ဗိုလ် လောင်းအပတ်စဉ် ၁၇ သို့ တက်ရောက်ခဲ့ကာ ဗိုလ်မှူးချုပ် အဆင့်အထိ တာဝန်ထမ်းဆောင်ပြီး ရဲချုပ်၊ ဝန်ကြီးနှင့် ယခု ကြံ့ဖွတ်ပါတီဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။




