မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦးသေဆုံးခဲ့ကြောင်း မြိုင် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ပေါက်မြို့နယ် အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၈ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ ၂၅ ဦးခန့်ရှိကြောင်း၊ တိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သော စစ်သားများနှင့် စစ်သား အလောင်းများကို ကားဖြင့် လာရောက် သယ်ဆောင်ထုတ်သွားကြောင်း သိရသည်။
“လက်နက်ကြီးတွေနဲ့ စစ်ခွေးစစ်ကြောင်းကို သွားရောက် ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေး ၈ ကောင်သေပြီး ထိခိုက်ဒဏ်ရာရတာ ၂၅ ကောင်ရှိတယ်။ လက်နက်ကြီးကျရောက်ပြီး သေဆုံးသွားသော စစ်သား အလောင်းတွေနဲ့ ဒဏ်ရာရတဲ့ စစ်ခွေးတွေကို ကားနဲ့ လာသယ်သွားတယ်လို့ သိရတယ်” ဟု မြိုင် ပကဖ က တာဝန်ရှိသူက ပြောဆိုသည်။
အလားတူ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် သိမ်ဇရပ် အခြေစိုက် ခမရ ၂၀၇ ၊ ၃၁၀ တပ်ရင်းကို ၆၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ပဲခူးခရိုင် ပကဖ တာဝန်ခံ ကိုဖြိုးမောင်ကိုက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ကျိုက်ထိုမြို့နယ် သိမ်ဇရပ် အခြေစိုက် ခမရ ၂၀၇ ၊ ၃၁၀ တပ်ရင်းကို တော်လှန်ရေး တပ်ဖွဲ့များက ၆၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုအရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိဘဲ တော်လှန်ရေး ရဲဘော်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။
“စစ်ခွေး သေစာရင်းကတော့ မသိရသေးဘူး။ ကျွန်တော်တို့ စုံစမ်းနေဆဲပါ။ ၆၀ မမ လက်နက်ကြီး စုစုပေါင်း ၁၀ လုံးနဲ့ ပစ်ခဲ့တာပါ။ စစ်ခွေးတွေဘက်ကလည်း ပြည်သူတွေနေတဲ့ ရွာဘက်ကို ပြန်ပစ်နေတယ်။ စစ်ရေးကတော့ နည်းနည်း တင်းမာနေတဲ့ အနေအထားရှိတာပေါ့။ စစ်ခွေး အင်အားက ၂၀၀ နီးပါးရှိတယ်လို့ သိရတယ်။ စစ်ခွေးဘက်က ထိခိုက်သေဆုံးမှုကိုတော့ စုံစမ်းဆဲပါ” ဟု ပဲခူးခရိုင် ပကဖ တာဝန်ခံ ကိုဖြိုးမောင်ကိုက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို တပ်မဟာ ၁ ၊ ရင်း (၃) KNU ဇီးပြောင်း ကျေးနယ်ကာကွယ်ရေးရေးအဖွဲ့၊ ဒေါနတပ်ရင်းနှင့် ပဲခူးခရိုင်လက်နက်ကြီးတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။
ထို့ပြင် မန္တလေးတိုင်း မြင်းခြံမြို့နယ်အတွင်း ကျေးရွာများကို မီးရှို့နေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ – စဉ့်ကိုင်မြို့နယ်က ထုတ်ပြန်ထားသည်။
ဒီဇင်ဘာလ ၂ ရက်နေ့တွင် မြင်းခြံမြို့နယ်အတွင်း ကျေးရွာများကို မီးရှို့နေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို စဉ့်ကိုင်မြို့နယ် ပြည့်သူ့ကာကွယ်ရေး အဖွဲ့က ၄၀ မမ လက်နက်ကြီးများဖြင့် လိုက်လံပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုအရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ တော်လှန်ရေး ရဲဘော်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။






