မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်ပွန်းချောင်း စခန်း၌ ကျိုက်ထီးရိုးဘုရားဖူးရန် လာသည့် ဒုအရာခံဗိုလ် သန်းဝင်းကို အရှင်ဖမ်းမိခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု- KRF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဒီဇင်ဘာလ ၁၀ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်တွင် ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးဘုရားသို့ ဘုရားဖူးပြီး ကင်ပွန်းစခန်းကျေးရွာရှိ ကဒက်ချောင်းတွင် သောက်စားပျော်ပါးရန် ရောက်ရှိနေသော ဒုအရာခံဗိုလ် သန်းဝင်းကို ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) နှင့် SOF ပူးပေါင်းအဖွဲ့က ဝင်ရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“သူက ကျိုက်ထီးရိုးဘုရား လာဖူးတာ ၃ ရက်ရှိပြီ ရန်ကုန်ကနေ လာတာပါ။ လက်ရှိ အင်းစိန် တရားရုံးမှာ နေတယ်လို့ သိရပါတယ်။ ချင်းပြည်နယ်မှာ တာဝန်ကျဖူးတယ်။ ပြီးတော့ ခလရ ၅၉၁ တပ်ရင်း မှာ တာဝန်ကျဖူးတယ်။ အသက်က ၅၂ နှစ်ပါ။ သူ့ကားရော ပစ္စည်းတွေရော သိမ်းဆည်း လာခဲ့ပါတယ်” ဟု ကျိုက်ထိုတော်လှန်ရေးအင်အားစု- KRF မှ တာဝန်ရှိသူကပြောဆိုသည်။
ထိုသို့ သွားရောက်ဖမ်းဆီးခဲ့ရာတွင် လုပ်ထုံးလုပ်နည်းများနဲ့အညီ အဖွဲ့၏ လုံခြုံရေးဆောင်ရွက်ခဲ့သည် မှ အပ သေနတ် တစ်ချက် ပစ်ဖောက်ခြင်း၊ ပြည်သူကို ရိုင်းပျစွာ ဆဲရေးစော်ကားခြင်းများ မပြုလုပ်ခဲ့ကြောင်း၊ ဖမ်းဆီးရရှိသော ဒုအရာခံဗိုလ်-သန်းဝင်း ကိုလည်း အဖွဲ့၏ လုပ်ထုံးလုပ်နည်းနဲ့အညီ အရေးယူထားကြောင်း KRF မှ တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။
ကျိုက်ထို တော်လှန်ရေး အင်အားစု – KRF အနေဖြင့် စစ်အာဏာရှင်စနစ် ကျဆုံးသည်အထိဆက် လက်တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို အသက်ပေး ကာကွယ် စောင့်ရှောက်သွားမည် ဖြစ်ကြောင်း ၊ ထိုသို့ လုပ်ဆောင်မှုများတွင် ပြည်သူလူထုအပေါ် တစ်စုံတစ်ရာ ထိခိုက်နစ်နာ ပျက်စီးဆုံးရှုံးစေမည့် ဖောက်ခွဲမှု၊ ပစ်ခတ်မှုများအား ပြုလုပ်ခြင်း မရှိကြောင်း ထုတ်ပြန်ထားသည်။




