21.5 C
Yangon

ဗန်းမောက်၊ ပေါက်၊ မြိုင်နှင့် ဟားခါးမြို့နယ်ရှိ ကျေးရွာများနှင့် မြို့ပေါ်နေရာများကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ဈေးဆိုင် ၁၀၀ ကျော် မီးလောင်ပြာကျပြီး နေအိမ်များ ပျက်စီး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၆

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့မဈေးကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့် ဈေးဆိုင် ၁၀၀ ကျော် မီးလောင် ပြာကျခဲ့ကြောင်း ကသာခရိုင် အမှတ် ၄ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့ နံနက်အစောပိုင်း ၅ နာရီ ၃၀ မိနစ်ခန့်အချိန် ဗန်းမောက်မြို့ မြို့မဈေးကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ဈေးဆိုင် ၁၀၀ ကျော် မီးလောင် ပြာကျခဲ့ပြီး ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရသည်။

“ဗန်းမောက်မြို့ပေါ်က ပြည်သူတွေလည်း ပြန်လည် ဝင်ရောက်တာမရှိသေးဘူး။ ပြည်သူတွေလည်း ထိခိုက်မှုမရှိပါဘူး။ စစ်ခွေးဗုံးကျဲလို့ မြို့မဈေးက ဈေးဆိုင် ၁၀၀ ကျော် မီးလောင်ပြာကျသွားတယ်” ဟု ကသာခရိုင် အမှတ် ၄ တပ်ရင်းမှ တာဝန်ရှိသူက ပြောဆိုသည်။

အလားတူ မကွေးတိုင်း၊ ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ်အစပ်ရှိ လက်ပံတိုရေနံမှော်ကို အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ Gyrocopter ဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ နေအိမ် ၄ လုံး ပျက်စီးခဲ့ကြောင်း ပေါက်မြို့နယ်ကာကွယ်ရေးအဖွဲ့မှ ကိုလရောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ယနေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် မွန်းလွဲပိုင်း ၁ နာရီခန့်တွင် မုံရွာမြို့ နမခ မှ တက်လာသော Gyrocopter ၃ စီးက ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ် အစပ်ရှိ လက်ပံတို ရေနံမှော်ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိဘဲ နေအိမ် ၄ လုံးပျက်စီးခဲ့ကြောင်း သိရသည်။

“စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲ တိုက်ခိုက်သွားတာ ပေါက်နဲ့မြိုင် အစပ် လက်ပံတို ရေနံမှော်ဒေသကို ကျဲသွားတာ ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာမျိုးမရှိဘူး။ နေအိမ် ၄ လုံးပျက်စီးသွားတယ်။ လူတွေကတော့ ရှောင်တိမ်းနေထိုင်ကြရ​တာပေါ့။ ပြည်သူတွေ အနေနဲ့ စစ်ကြောင်း၊ လေကြောင်း သတိ ပြုနေထိုင်ကြဖို့ ပြောချင်ပါတယ်” ဟု ပေါက်မြို့နယ်ကာကွယ်ရေးအဖွဲ့မှ ကိုလရောင်က ပြောဆိုသည်။

ထို့ပြင် တိုက်ပွဲပြင်းထန်နေသော ဟားခါးမြို့ပေါ်နှင့် ကျေးရွာများကိုလည်း အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး ဟားခါးမြို့နယ် အတွင်းရှိ Chin Christian University ကျောင်းဝင်း နှင့် မြို့ပေါ် ရပ်ကွက်များကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိဘဲ နေအိမ်တချို့ပျက်စီးခဲ့ကြောင်း သိရသည်။

“ပြည်သူတွေ ထိခိုက်ဒဏ်ရာရတယ်လို့တော့ မကြားမိဘူး။ နေအိမ် တချို့တော့ ထိခိုက်ပျက်စီးတယ်။ ပြည်သူတွေ မွေးမြူထားတဲ့ တိရစ္ဆာန်တွေ သေဆုံးတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article