စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အသက် ၃၄ နှစ်အရွယ် အမျိုးသမီး ၁ ဦးသေဆုံးခဲ့ပြီး ပြည်သူ ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၂၂ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် ကလေး-ဂန့်ဂေါ လမ်းပိုင်း မှန်တောကျေးရွာရှိ အကြမ်းဖက် စစ်သားများက ဒရုန်း ၁ စီးဖြင့် ရှားဖိုကျေးရွာ အနောက်မြောက်ဘက်ခြမ်းကို ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုဗုံးကျဲ တိုက်ခိုက်မှု အတွင်း အသက် ၃၄ နှစ်အရွယ် အမျိုးသမီး ၁ ဦးသေဆုံးကာ အသက် ၄၂ နှစ်အရွယ် အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းသိရှိရသည်။
ဒီဇင်ဘာလ ၂၄ ရက်နေ့ကလည်း မှန်တောကျေးရွာတွင် တပ်စွဲထားသည့် အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ကျေးရွာအနီး လယ်ကွင်းတွင် စပါးခြွေနေသော ပြည်သူ ၃ ဦး ဗုံးစထိမှန်ကာ ဒဏ်ရာ ရရှိခဲ့ပြီး စပါးများ မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
“ကလေး-ဂန့်ဂေါလမ်းပိုင်း မှန်တောကျေးရွာမှာရှိနေတဲ့ စစ်ခွေးတွေက အနီးအနားက ရွာတွေကို ဒရုန်းနဲ့ ဗုံးကျဲ တိုက်ခိုက်နေတာ စိုက်ပျိုးရေး လုပ်ဆောင်နေတဲ့ ပြည်သူ ၁ ဦး သေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရတယ်” ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။
အလားတူ စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ သာစည်လမ်းပိုင်း ကျောက်စစ်ပုံမှ စစ်သားများက ကံပြားကြီးကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၂၅ ရက်နေ့ ညပိုင်းတွင် မုံရွာမြို့၊ သာစည်လမ်းပိုင်းရှိ ကျောက်စစ်ပုံမှ အကြမ်းဖက် စစ်သားမျာက ကံပြားကြီးကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည် ထိမှန်ပြီး ကံပြားကြီးရွာမှ အသက် ၅၅ နှစ်အရွယ် အမျိုးသမီး ၁ ဦး ဗိုက်ပွင့်သေဆုံးကာ ပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်တာပါ။ ကံပြားကြီးကျေးရွာမှာရှိတဲ့ အသက် ၅၅ နှစ်အရွယ် အမျိုးသမီး ၁ ဦး လက်နက်ကြီး ကျည်ထိမှန်ပြီး ဗိုက်ပွင့်သေဆုံးတယ်။ ပြည်သူ ၇ ဦးလည်း ထိခိုက်ဒဏ်ရာရတယ်လို့ သိရတယ်။ သေဆုံးသွားတဲ့ အမျိုးသမီး ၁ ဦးနဲ့ ထိခိုက်ဒဏ်ရာရာတဲ့သူတွေရဲ့ အမည်တွေကိုတော့ မသိရသေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။




