NLD ခေတ်ကို ရည်ညွှန်းပြီး ပြီးဆုံးသွားသော အတိတ်ကို ချန်ရစ်၍ ကြံ့ဖွတ်ပါတီကိုသာ အနာဂတ်မဲပေးကြရန်နှင့် ပြီးဆုံးသွားသော အတိတ်ကို ပြင်ဆင်၍ မရတော့ကြောင်း ကြံ့ဖွတ် ခင်ရီက ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် နောက်ဆုံးမဲဆွယ်သွားသည်။
ကြံ့ဖွတ်ခင်ရီက NLD ပါတီခေတ်ကို ရည်ညွန်း၍ အတိတ်ကာလမှာ ပြီးဆုံးသွားပြီဖြစ်ပြီး ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ပြုပြင် ပြင်ဆင်၍ မရတော့ကြောင်း၊ ထို့ကြောင့် အနာဂတ်အတွက် ကြံ့ဖွတ်ပါတီကိုသာ မဲပေးသင့်ကြောင်း၊ နိုင်ငံကို ကယ်တင်နိုင်သော ပါတီမှာ ကြံ့ဖွတ်ပါတီသာ ရှိကြောင်း အကြမ်းဖက်ခင်ရီက ပြောဆိုသည်။
“အတိတ်ကာလတွေက ကုန်ဆုံးလွန်မြောက်သွားခဲ့ပါပြီ။ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ပြုပြင်ပြင်ဆင်လို့မရတော့ပါဘူး။ အားလုံးပြီးဆုံးသွားပါပြီ။ အနာဂတ်ဆိုတာကတော့ မိဘပြည်သူတွေရဲ့ လက်ဝယ်မှာ ရှိနေဆဲဖြစ်တဲ့ကိုယ်ကိုယ်တိုင်ရဲ့ ရွေးချယ်ပိုင်ခွင့်ပဲ ဖြစ်ပါတယ်” ဟု ခင်ရီက ပြောဆိုသည်။
ကြံ့ဖွတ်ခင်ရီက လက်ရှိ နိုင်ငံတည်သရွေ့ ဆက်လက် တည်မြဲနေမည့် နိုင်ငံရေးပါတီမှာ ကြံ့ဖွတ်ပါတီသာ ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့်လည်း ကြံ့ဖွတ်ပါတီမှတစ်ပါး အခြားရွေးချယ်စရာ မရှိကြောင်း၊ ရွေးကောက်ပွဲဖြင့် တက်လာမည့် အစိုးရသစ်မှာ လက်ရှိ ရှိနေသော နိုင်ငံကို စစ်တပ်နှင့်အတူ ကာကွယ်လိုသည့် နိုင်ငံရေးပါတီဖြစ်ရန် လိုအပ်ကြောင်း ကြံ့ဖွတ်ခင်ရီက ဆိုသည်။
“အစိုးရသစ်သည် လက်ရှိရှိနေတဲ့ နိုင်ငံကို ကာကွယ်နေတဲ့ကာကွယ်ရေးနဲ့ လုံခြုံရေးအင်အားစုတွေနဲ့ ကျောချင်းကပ်၊ ရင်ချင်းအပ်ပြီးတော့ သက်ဆိုင်ရာ ဒေသ နယ်မြေနိုင်ငံကို ၀ိုင်းဝန်းကာကွယ်လိုတဲ့ စိတ်ရှိတဲ့ အဖွဲ့အစည်းမျိုး လူမျိုးကို ရွေးဖို့ သင့်တယ်” ဟု ခင်ရီက ပြောဆိုသည်။
အကြမ်းဖက်ခင်ရီက စစ်တပ်နှင့်လက်တွဲနိုင်သော အစိုးရသစ်မဟုတ်လျှင် ယနေ့ အာဏာရပြီးလျှင် နောက်တစ်နေ့ အစိုးရ ပြုတ်ကျသွားမည်ဖြစ်ကြောင်း၊ ယင်းအခြေအနေကို ပြည်သူများ သတိပြုရန် လိုအပ်ကြောင်း ခင်ရီက ခြိမ်းခြောက်ပြောဆိုသွားသည်။




