ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ် ၃၄၄ အမြောက်တပ်ရင်းက တောင်ကလေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် အသက် ၆၀ အရွယ် အမျိုးသား ၁ ဦး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၂၆ ရက်နေ့ နံနက် ၇ နာရီခန့်တွင် ရေကြည်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ၃၄၄ အမြောက်တပ်က ဟောင်ဝစ်ဇာ လက်နက်ကြီးများဖြင့် တောင်ကလေးကျေးရွာအတွင်းကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည် ထိမှန်ပြီး တောင်ကလေးကျေးရွာတွင် နေထိုင်သော အသက် ၆၀ အရွယ် အမျိုးသား ၁ ဦး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရှိရသည်။
“မနေ့က နံနက်ပိုင်းမှာ ရေကြည်မြို့နယ် ၃၄၄ အမြောက်တပ်ကနေ စစ်ခွေးတွေက ဟောင်ဝှစ်ဇာ လက်နက်ကြီးနဲ့ တောင်ကလေးကျေးရွာကို ပစ်ခတ် တိုက်ခိုက်တာလို့သိရတယ်။ စစ်ခွေးတွေပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်ပြီး တောင်ကလေးကျေးရွာမှာ နေထိုင်တဲ့ အသက် ၆၀ အရွယ် အမျိုးသား ၁ ဦး ပွဲချင်းပြီး သေဆုံးတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ ဒီဇင်ဘာလ ၂၅ ရက်နေ့ကလည်း လေးမျက်နှာမြိုနယ်၊ ကညင်တိုင်းကျေးရွာအုပ်စုကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် ကျေးရွာနေပြည်သူ အသက် ၆၆ နှစ်အရွယ် အမျိုးသား ၁ ဦး နှင့် အသက် ၃၄ နှစ်အရွယ် အမျိုးသမီး ၁ ဦး သေဆုံးပြီး ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။




