ရန်ကုန်၊ ဒီဇင်ဘာ ၂၇
ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ စိန်ကန့်လန့်ရွာတွင် နေထိုင်သော အသက် ၇၀ နှစ်အရွယ် ဦးသိန်းလွင်ကို အကြမ်းဖက် စစ်တပ်က ပျူစောထီးအဖွဲ့ဝင်ခိုင်းရန် ဖမ်းဆီးပြီးနောက် ငွေကျပ် သိန်း ၂၀၀ ဖြင့် ပြန်ရွေးခိုင်းကြောင်း ဖမ်းဆီးခံရသူ ဦးသိန်းလွင်၏ မိတ်ဆွေများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၂၃ ရက်နေ့ မင်းလှမြို့နယ်၊ စိန့်ကန့်လန့်ရွာမှ ကြို့ပင်ကောက်မြို့ပေါ်ကို ဆိုင်ကယ်ပြင်ရန် သွားရောက်သည့် အသက် ၇၀ နှစ်အရွယ် ဦးသိန်းလွင်ကို အကြမ်းဖက် စစ်တပ်၏ မြို့အဝင်ဂိတ်မှ စစ်သားများက ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ (ပျူစောထီး) အဖြစ် ဝင်ခိုင်းရန်ဟုဆိုကာ ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ထိုသို့ ဖမ်းဆီးပြီးနောက် ကြို့ပင်ကောက်မြို့အဝင်ဂိတ်မှ စစ်သားများက ဦးသိန်းလွင် ၏ မိသားစုဝင်များထံ အကြောင်းကြား၍ ငွေကျပ် သိန်း ၂၀၀ ဖြင့် ပြန်ရွေးရန် ပြောဆိုခဲ့ကြောင်း၊ လက်ရှိချိန်ထိ ဦးသိန်းလွင်ကို ကြို့ပင်ကောက် မြို့အဝင်ဂိတ်တွင် စစ်သားများက ဆက်လက် ဖမ်းဆီးထားဆဲဖြစ်ကြောင်း သိရှိရသည်။
“ဦးမှတ်ကြီး(ခ)ဦးသိန်းလွင်က မင်းလှ စိန်ကန့်လန့်ရွာမှာ နေထိုင်တာ သူကရေခဲချောင်းရောင်းတယ်။ သူ့ဆိုင်ကယ်က မကောင်းလို့ဆိုပြီး ကြို့ပင်ကောက်မြို့ပေါ် တက်ပြင်တဲ့ အချိန်မှာ မြို့ဝင်ဂိတ်က စစ်ခွေးတွေ ဖမ်းဆီးထားတာလို့ သိရတယ်။ သူကအသက်ကြီးပြီဆိုတော့ စစ်မှုထမ်းတော့မဟုတ်ဘူး။ စစ်ခွေးတွေရဲ့ ပျူစောထီး အဖွဲ့ဝင်ဖို့လို့ ပြောတယ်။ မိသားစုက ငွေကျပ် သိန်း ၂၀၀ နဲ့ လာရွေးဖို့ ပြောတယ်။ အခုထိ ဖမ်းဆီးထားတုန်းလို့တော့ သိရတယ်” ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။
အကြမ်းဖက် စစ်တပ်သည် စစ်မှုထမ်း ဥပဒေ ပြဌာန်းပြီးချိန်မှ မြို့နယ်တိုင်းတွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီး ငွေညှစ်မှုများ ဆက်တိုက်ပြုလုပ်နေခြင်းဖြစ်ပြီး ငွေကြေးပေးနိုင်ခြင်းမရှိသူများကို စစ်မှုထမ်း သင်တန်းကျောင်းများသို့ ပို့ဆောင်ကာ ရှေ့တန်းစစ် မြေပြင်သို့ အတင်းအဓမ္မပို့ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။




