ရန်ကုန်၊ ဒီဇင်ဘာ ၂၇
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်တွင် ဒီဇင်ဘာလအတွင်း အကြမ်းဖက် စစ်တပ်က စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် ကျေးရွာများကို ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး အသက် ၃ လနှင့် ၆ နှစ် အရွယ် ကလေးငယ် ၂ ဦးအပါအဝင် ၁၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ပြောဆိုသည်။
ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ကောလင်းမြို့နယ် အရှေ့ဘက်ခြမ်းရှိ ကံပေါက်တာ ကျေးရွာကို အကြမ်းဖက် စစ်တပ်၏ တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးက ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် ကျေးရွာနေပြည်သူ ၂၅ နှစ်အရွယ် အမျိုးသမီး ၁ ဦး ပွဲချင်းပြီး သေဆုံးပြီး အသက် ၆ နှစ်အရွယ် ကလေးငယ် ၁ ဦးနှင့် အသက် ၃ လအရွယ် ကလေးငယ် ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာ ၁၉ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်၏ တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးက ကြိုးကြာဥကျေးရွာ စာသင်ကျောင်းကို လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စာသင်ကျောင်းနှင့် နေအိမ်တချို့ ပျက်စီးခဲ့ကြောင်း၊ အလားတူ ဒီဇင်ဘာ ၂၀ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ကြိုးကြာဥကျေးရွာကို လေကြောင်းဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ကျေးရွာ လမ်းကြီးပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူ ၂ ဦးထိခိုက်ဒဏ်ရာရကာ နေအိမ် ၂ လုံးမီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
ဒီဇင်ဘာ ၂၁ ရက်နေ့တွင်လည်း မုတ်ဝကျေးရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်း ဓမ္မာရုံများ ပျက်စီးခဲ့ပြီး ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် ဒီဇင်ဘာ ၂၂ ရက်နေ့တွင်လည်း မိတ္ထီလာ လေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးက နတ်အင်းကျေးရွာ စာသင်ကျောင်းကို ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စာသင်ကျောင်းနှင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း သိရသည်။
“ထိခိုက်ဒဏ်ရာရရှိသူတွေထဲမှာ ဒဏ်ရာပြင်းထန်တဲ့ သူတွေပါဝင်ပါတယ်။ စစ်တပ်က ဗုံးကျဲ တိုက်ခိုက်လို့ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ နေအိမ်တွေလည်း ပျက်စီးသွားတယ်” ဟု ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။






