မကွေးတိုင်း၊ နတ်မောက်မြို့ပေါ်တွင် စစ်တပ်၏ ပြုလုပ်မည့်အတုအယောင်ရွေးကောက်ပွဲကို ဆန့် ကျင်သောအားဖြင့် အသံမိုင်းခွဲ တိုက်ခိုက်ကာ သတိပေးခဲ့ကြောင်း နတ်မောက်မြို့နယ် ပကဖ တာဝန် ခံ ကိုအဆိပ်သီးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
ဒီဇင်ဘာလ ၂၄ ရက် နံနက် ၇ နာရီက နတ်မောက်မြို့မဈေး မြောက်ဘက်တွင် တစ်ကြိမ်၊ နံနက် ၇ နာရီ ၂၀ မိနစ်တွင် ကျွဲမင်းကျချောင်းမြောက်ဘက်၌ တစ်ကြိမ် ၊ နံနက် ၇ နာရီ ၂၅ မိနစ်တွင် လေး အိမ်မြောက်ဘက်၌ တစ်ကြိမ် အသံမိုင်းခွဲကာ အကြမ်းဖက်စစ်တပ်၏ အတုအယောင်ရွေး ကောက်ပွဲ ကို ဆန့်ကျင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အလားတူ ဒီဇင်ဘာလ ၂၅ ရက်နေ့ကလည်း နတ်မောက်မြို့နယ်၊ အင်းကန်ကျေးရွာ ရဲစခန်းဝင်း အတွင်း ၌လည်း အသံမိုင်းခွဲကာ အကြမ်းဖက်စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“နတ်မောက်မြို့ပေါ်မှာ ရွေးကောက်ပွဲကို ဆန့်ကျင်သောအားဖြင့် အသံမိုင်းခွဲ သတိပေးတာပါ။ အင်း ကန်ကျေးရွာ ရဲစခန်းထဲမှာက စခတွေမနေတော့ဘူး။ ရွှေပန်းတောရဲစခန်းမှာ သွားပေါင်းနေတာပါ။ မနေ့ညကအထိတော့ စခတွေက ကျနော်တို့ကို မြို့ထဲထပ်မဝင်နိုင်အောင် ကင်ပုန်းတွေ အထပ်ထပ် ချထားပြီး စောင့်နေတယ်လို့ သိရတယ်။ အသံမိုင်းခွဲခဲ့တာက ပြည်သူတွေထိခိုက်မှုမရှိအောင်ပါ။ ဒါပေမယ့် နတ်မောက်ဈေးနားက ဆိုင်ခန်းတစ်ချို့ ထိခိုက်ပျက်စီးသွားတဲ့အတွက် စိတ်မကောင်းဖြစ် ရပါတယ်။ အဲဒီအတွက်လည်း မိဘပြည်သူတွေကို တောင်းပန်ပါတယ်” ဟု နတ်မောက်မြို့နယ် ပကဖ တာဝန်ခံ ကိုအဆိပ်သီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
နတ်မောက်မြို့နယ် ပကဖအနေဖြင့် မင်းအောင်လှိုင် ဦးဆောင်သော အကြမ်းဖက်စစ်တပ်က ပြုလုပ် မည့် ရွေးကောက်ပွဲကို အချိန်မရွေး၊ နေရာမရွေး ဆက်လက်ဆန့်ကျင် တိုက်ခိုက်သွားမည်ဖြစ်ပြီး မိဘ ပြည်သူများ အနေဖြင့် သွားရောက်မဲပေးခြင်း၊ ပူးပေါင်းပါဝင်ခြင်း မပြုလုပ်ကြပါရန် တိုက်တွန်းထား သည်။




