ရန်ကုန်၊ ဒီဇင်ဘာ ၂၇
စစ်ကိုင်းတိုင်း၊ တမူးခရိုင်အတွင်း အကြမ်းဖက်စစ်ကော်မရှင်က ပြုလုပ်သည့် အတုအယောင် ရွေး ကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်သည့် လူပုဂ္ဂိုလ်၊ ပါတီများ၏ ပိုင်ဆိုင်မှုများအားလုံးကို ပြည်သူပိုင် အဖြစ်ချိတ်ပိတ်သိမ်းဆည်းမည်ဖြစ် ကြောင်း တမူးမြို့နယ် အရေးပေါ်အုပ်ချုပ်ရေး (ဗဟို) အဖွဲ့က ထုတ်ပြန်သည်။
ဒီဇင်ဘာလ ၂၈ ရက်နေ့မှစတင်၍ အပိုင်းလိုက် ၃ ကြိမ်ကျင်းပမည့် အကြမ်းဖက်စစ်ကော်မရှင်၏ အ တု အယောင်ရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တမူးမြို့နယ်အတွင်းရှိ လူပုဂ္ဂိုလ်၊ ပါတီများ၊ ရွေးကောက်ပွဲဖြစ်မြောက်ရေး ပါဝင်ကူညီဆောင်ရွက်သူများ၏ ပိုင်ဆိုင်မှုများ အားလုံးကို ပြည် သူပိုင်အဖြစ် ချိတ်ပိတ်သိမ်းဆည်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန် ချက်တွင်ဖော်ပြထားသည်။
အကြမ်းဖက်စစ်ကောင်စီက ဖွဲ့စည်းထားသော ပြည်ထောင်စုရွေး ကောက်ပွဲ ကော်မရှင်နှင့် ၎င်း၏ လက်အောက်ခံအဖွဲ့အစည်း အဆင့်ဆင့်ကို အကြမ်းဖက်အုပ်စုဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ- NUG က ကြေညာထားပြီးဖြစ်ကြောင်း သိရသည်။
သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကော်မရှင်နှင့်ပူးပေါင်းဆောင်ရွက်နေသည့် လူ ပုဂ္ဂိုလ်၊ ပါတီများ၏ ပိုင်ဆိုင်မှုများအား လွှဲပြောင်းခြင်း၊ ဝယ်ယူ ခြင်းများလုံးဝ (လုံးဝ) မပြုလုပ်ကြရန် အသိပေးထားသည်။
ထို့အပြင် တမူးမြို့နယ်အတွင်းရှိ ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများတွင် မည်သူမဆို ပါ ဝင် ဆောင်ရွက်ခြင်း၊ အတုအယောင်ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက် ကူညီပံ့ပိုးခြင်းများ လုံးဝ (လုံးဝ) မပြုလုပ်ကြရန် အသိပေးနှိုးဆော်ထားသည်။
အဆိုပါ အတုအယောင်ရွေးကောက်ပွဲ ကိစ္စရပ်များတွင် ပါဝင်ပတ်သက်နေသူများကို လိုအပ်သလို စုံ စမ်းဖော်ထုတ်၍ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း တမူးမြို့နယ် အရေးပေါ် အုပ်ချုပ်ရေး (ဗဟို) အဖွဲ့က အသိပေးထုတ် ပြန်ထားသည်။




