အကြမ်းဖက်စစ်တပ်က ဒီဇင်ဘာလ ၂၈ ရက်နေ့ပြုလုပ်မည့် အချုပ်သားများနှင့် စစ်မှုထမ်း(ပစ)များကို ကြိုတင်မဲပေးခိုင်းပြီး မဲပေးရာတွင်လည်း ကြံ့ဖွတ်ပါတီကိုသာ ကြိုတင်မဲပေးခိုင်းကြောင်း တောင်ကြီးတွင်ရောက်ရှိနေသည့် အချုပ်သားမိသားစုဝင်များ၊ စစ်မှုထမ်း(ပစ)များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယခု ရက်ပိုင်းအတွင်း အကြမ်းဖက်စစ်တပ်က အချုပ်သားများကို ကြိုတင်မဲပေးခိုင်းခဲ့ကြောင်း၊ မဲပေးရာတွင် ကြံ့ဖွတ်ပါတီကိုသာ မဲပေးကြရန်၊ ကြံ့ဖွတ်ပါတီတက်လာပါက အမှုအခင်းများကို ပြန်လည် ရုပ်သိမ်းပြီး လွတ်ငြိမ်းချမ်းသာခွင့် ကြေညာနိုင်ကြောင်း၊ ထို့ကြောင့် မိမိရင်ဆိုင်နေရသော အမှုများမှ အမြန်လွတ်မြောက်လိုပါက ကြံ့ဖွတ်ပါတီကိုသာ မဲပေးကြရန် အကျဉ်းဦးစီးဌာနနှင့်ရဲတပ်ဖွဲ့ဝင်များက အချုပ်သားများကို ပြောဆိုကာ ကြိုတင်မဲများ ကောက်ယူသွားကြောင်း သိရှိရသည်။
အလားတူ တောင်ကြီးမြို့ပေါ်တွင် စစ်မှုထမ်း(ပစ) ၂၄၀ ဦးကို ကြိုတင်မဲရယူပြီးနောက် စစ်ကားများဖြင့် တောင်ကြီးမှ ကျိုင်းတုံသို့ ပို့ဆောင်ကြောင်း၊ ယင်းနောက် ကျိုင်းတုံတွင်ပင် နိုင်ငံသားစိစစ်ရေးကတ် အသစ်များ ချက်ချင်းပြုလုပ်ပေးပြီး ထပ်မံ၍ ကြိုတင်မဲပေးခိုင်းကြောင်း၊ အဆိုပါ ပို့ဆောင်မှုများကို တောင်ကြီးမြို့ အခြေစိုက် အမှတ် ၃၅၇ အမြောက်တပ်ရင်းက တာဝန်ယူလုပ်ဆောင်ကြောင်း သိရှိရသည်။
အခြားတစ်ဖက်တွင်လည်း မကွေးတိုင်း၊ မကွေးမြို့နယ်၊ ဒဟတ်ကန်ကျေးရွာအုပ်စုတွင် ကျေးရွာအုပ်ချုပ်ရေးမှူး ကိုကိုလတ်က ရွေးကောက်ပွဲနေ့ မဲလာမပေးသူများကို ပေါ်တာဆွဲ ဖမ်းဆီးပြီး စစ်ထဲသို့ ပို့ဆောင်မည်ဟုကျေးရွာ ပြည်သူများအပေါ် ခြိမ်းခြောက်နေကြောင်း သိရှိရသည်။
“ကျေးရွာမှာ ရွေးကောက်ပွဲ မဲမပေးရင် ဖမ်းမယ် စစ်မှုထမ်းထည့်မယ်လို့ ခြိမ်းခြောက်တယ်။ ကျေးရွာအုပ်ကြီး ကိုကိုလတ်က စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှ အုပ်ကြီးဖြစ်လာသူပါ။ အခု ရွေးကောက်ပွဲမှာ မဲပေးရမယ်။ မပေးတဲ့သူကို ဖမ်းမယ် စစ်မှုထမ်းထည့်မယ်ဆိုပြီး အကြိမ်ကြိမ် လိုက်ခြိမ်းခြောက်နေတာပါ။ ဒီဇင်ဘာလ ၂၈ ရက်နေ့ မဲစာရင်းပေးရမယ့်သူတွေရဲ့အမှတ်စဉ်တွေနဲ့ မဲလာပေးဖို့ လိုက်ခေါ်မယ်ပြောတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
လက်ရှိ ရန်ကုန်၊ မန္တလေးမြို့ကြီးများတွင်လည်း ပြည်သူများအနေဖြင့် ဆန္ဒမဲမပေးလိုကြသော်လည်း မဲသွားမပေးလျှင် ပြဿနာအရှာခံရမည်ကို စိုးရိမ်ပူပန်နေကြကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
“ပြည်သူအများကမဲပေး စိတ်မဝင်စားကြပေမဲ့ သွားမပေးလို့ ပြဿနာရှာမှာကိုကြောက်နေကြတယ်။ ဥပဒေအရ မဲလာပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ မဲစာရင်းစာအုပ်ကို စစ်ဆေးတဲ့ ထုံးစံမရှိပေမယ့် အခုက စစ်တပ်က သူလုပ်ချင်ရာ လုပ်ပြီး အနိုင်ကျင့်တော့ စိုးရိမ်နေကြတယ်။ ရွေးကောက်ပွဲနေ့မှာ အခြေအနေကြည့်ပြီး မဲပေး၊ မပေး ဆုံးဖြတ်ကြမှာ” ဟု စမ်းချောင်းမြို့နယ်၊ မင်းလမ်းတွင် နေထိုင်သော စျေးဆိုင်ပိုင်ရှင်တစ်ဦးက ရှင်းပြသည်။
အကြမ်းဖက်စစ်တပ်က ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ရွေးကောက်ပွဲ အပိုင်း ၁ ကို စတင်ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။




