ရန်ကုန်၊ ဒီဇင်ဘာ ၂၇
စစ်ကိုင်းမြို့နယ်၊ တအိမ်တည်းရွာ လက်ဖက်ရည်ဆိုင်ကို အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၃ ဦး သေဆုံးခဲ့ကြောင်း Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ယနေ့ ဒီဇင်ဘာလ ၂၇ ရက်နေ့ ည ၇ နာရီခန့်တွင် စစ်ကိုင်းမြို့ ရဲတပ်ရင်း ၁၆ မှ အကြမ်းဖက် စစ်သားများက တအိမ်တည်းကျေးရွာကို ဒရုန်းဖြင့် ၃ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း တအိမ်တည်းကျေးရွာရှိ လက်ဖက်ရည်ဆိုင်ပေါ် ဗုံးများ ကျရောက် ပေါက်ကွဲခဲ့ပြီး အသက် ၆၅ နှစ် အရွယ် ဦးလှဆောင် ၊ အသက် ၄၂ အရွယ် ကိုစိုးသူနှင့် အသက် ၃၀ခန့် အရွယ် အမျိုးသမီး ၁ ဦး ပွဲချင်းပြီး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ ၂ ဦး ရှိကြောင်း သိရသည်။
စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သော တအိမ်တည်းကျေးရွာသည် စစ်ကိုင်းမြို့နှင့် ၂ မိုင်ခွဲခန့်သာ ကွာဝေးပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“ရဲတပ်ရင်း ၁၆ က စစ်ခွေးတွေက တအိမ်တည်းကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းနဲ့ ဗုံးကျဲ တိုက်ခိုက်တာလို့ သိရတယ်။ စစ်ခွေးတွေကျဲချတဲ့ ဒရုန်းက လက်ဖက်ရည်ဆိုင်ကို ကျရောက် ပေါက်ကွဲပြီး ပြည်သူ ၃ ဦး ပွဲချင်းပြီးသေဆုံးတယ်။ ထိခိုက်ဒဏ်ရာရတာလည်း ၂ ဦးရှိတယ်လို့ သိရတယ်” ဟု Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက ပြောဆိုသည်။
အလားတူ မကွေးတိုင်း၊ ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ် အစပ်ရှိ လက်ပံတိုရေနံမှော်ဒေသကိုလည်း အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ Gyrocopter ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ပေါက်မြို့နယ်ကာကွယ်ရေးအဖွဲ့မှ ကိုလရောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ယနေ့ ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတွင် ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ် အစပ်ရှိ လက်ပံတို ရေနံမှော်ဒေသကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ Gyrocopter ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိသော်လည်း နေအိမ်များ ပျက်စီးခဲ့ကြောင်း သိရသည်။




