ရန်ကုန်၊ ဒီဇင်ဘာ ၂၈
အကြမ်းဖက် မင်းအောင်လှိုင်က သမ္မတ လုပ်ရေး၊ မလုပ်ရေး လွှတ်တော်အတွင်း သမ္မတ ရွေးချယ်ရေးကာလမှ ပြောဆိုရန် သင့်တော်မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသည်။
ယနေ့ နေပြည်တော်တွင် မဲလာပေးသည့် အကြမ်းဖက် မင်းအောင်လှိုင်ကို မီဒီယာများ က၀ိုင်းဝန်း မေးမြန်းစဉ် ၎င်းက အထက်ပါအတိုင်း ဖြေဆိုခြင်းဖြစ်ပြီး “သမ္မတ မလုပ်ဘူး” ဟု ယတိပြတ် ငြင်းဆိုခြင်းမရှိပေ။
“ကျနော်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ နိုင်ငံ့ဝန်ထမ်း၊ ကျနော် ဘာမှ လုပ်ချင်ပါတယ် ပြုချင်ပါတယ် ပြောလို့မရဘူး။ နိုင်ငံရေးပါတီခေါင်းဆောင် မဟုတ်ဘူး။ ပြီးတော့ လွှတ်တော်ခေါ်တဲ့အခါကျမှ လွှတ်တော်ကနေပြီးတော့ သမ္မတရွေးချယ်ရေးနဲ့ပတ်သက်တဲ့ Process လေးရှိပါတယ်။ အဲဒီကျမှ လုပ်ပါ၊ အဲဒီကျမှ ပြောဖို့သင့်မယ်လို့ ယူဆပါတယ်” ဟု အကြမ်းဖက် မင်းအောင်လှိုင်က ပြောဆိုသည်။
အကြမ်းဖက် စစ်တပ်က ရွေးကောက်ပွဲကို ယနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့ အပိုင်း ၁ အဖြစ် ကျင်းပပြီး လာမည့် ဇန်နဝါရီလအတွင်း အပိုင်း ၂ နှင့် အပိုင်း ၃ ကျင်းပမည်ဖြစ်သည်။




