မကွေးတိုင်း၊ အောင်လံမြို့နယ်တွင် အကြမ်းဖက် စစ်တပ် ရွေးကောက်ပွဲ ပြုလုပ်နေစဉ် ဆပ်ဆူဝရွာ စစ်တပ် စစ်ဆေးရေး ဂိတ်စခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း ၉၀၂ တပ်ရင်း ၊ တပ်ခွဲ – ၃ ၊ တောင်တွင်းကြီးတပ်ခွဲမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က ရွေးကောက်ပွဲ ပြုလုပ်နေစဉ် အောင်လံမြို့နယ် သမ္ဗူလ ရဲစခန်းနှင့် ကပစ ၁၅ ကို အကာအကွယ်ပေးထားသော ဆပ်ဆူဝရွာ စစ်တပ်ဂိတ်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကာ ဆပ်ဆူဝရွာ စစ်တပ် စစ်ဆေးရေး ဂိတ်အတွင်းကို ၆၀ မမ လက်နက်ကြီး ၄ လုံးကျရောက် ပေါက်ကွဲခဲ့ကြောင်း၊ တိုက်ခိုက်မှုပြုလုပ်ပြီးနောက် တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေး ဂိတ်စခန်းထဲကို ၆၀ မမ လက်နက်ကြီး ၄ လုံး ကျရောက် ပေါက်ကွဲသွားတယ်။ ပစ်မှတ်ကို ထိရောက်စွာ ပစ်ခတ် နိုင်ခဲ့ပါသည်။ စစ်ခွေးသေစာရင်းကတော့ ကျနော်တို့ အတည်မပြုနိုင်သေးဘူး။ ရဲဘော်တွေတော့ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပါတယ်။ စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို အသိအမှတ်မပြုသလို ဘယ်လိုရလဒ်တွေပဲ ထွက်လာပါစေ ကျနော်တို့ကတော့ စစ်အာဏာရှင်စနစ်အပြီးပိုင် ချုပ်ငြိမ်းသည်အထိ တွန်းလှန်တိုက်ခိုက်သွားမယ်” ဟု ၉၀၂ တပ်ရင်း ၊ တပ်ခွဲ – ၃ ၊ တောင်တွင်းကြီးတပ်ခွဲမှ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ဗျူဟာ အမှတ် ၁၇ ၊ Yoma Fighter Column ၊ နေပြည်တော်တပ်ရင်း ၉၀၂ ၊ နေပြည်တော်တပ်ရင်း ၈၀၄ ၊ သရက်ခရိုင် အမှတ် ၁ တပ်ရင်း၊ အောင်လံမြို့နယ် ပကဖ ၊ တပ်ခွဲ ၃ နှင့် တောင်တွင်းကြီးတပ်ခွဲ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပြန်လည် ရမ်းသမ်း ပစ်ခတ်မှုများ ရှိနေ၍ ပြည်သူများအနေဖြင့် အထူးဂရုစိုက်နေထိုင်ကြပါရန် တောင်တွင်းကြီးတပ်ခွဲမှ တာဝန်ရှိသူ ဆက်လက်ပြောဆိုသည်။




