21.5 C
Yangon

သံတောင်ကြီးမြို့နယ်ရှိ စစ်တပ်(ကြည်း) တိုက်ခိုက်ရေး သင်တန်းကျောင်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၆ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၈

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်(ကြည်း) တိုက်ခိုက်ရေး သင်တန်းကျောင်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၆ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်ခန့်တွင် သံတောင်ကြီးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် (ကြည်း) တိုက်ခိုက်ရေးကျောင်း (ဘုရင့်နောင်) ကို Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်မှုဖြင့် Anti-Coup People’s Liberation Force (ACPLF) ၊ Mountain Knight Civilian Defense Forces (MKCDF) ၊ သံတောင်မြောက်ပိုင်း အထူးဒေသ ဖိုက်တာဆားခဲအဖွဲ့ နှင့် KNLA တပ်မဟာ (၂)၊ တပ်ရင်း (၅) တို့ ပူးပေါင်း၍ ၁ဝ၇ မမ ရှော့တိုက်ဒုံး ၆ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်မှုသည် မြန်မာပြည်အနယ်နယ်အရပ်ရပ်မှ အာဏာသိမ်း စစ်အုပ်စု၏ အဓိက ဒေါက်တိုင်များဖြစ်သော စစ်တပ် တပ်စုမှူး၊ တပ်ခွဲမှူးနှင့် တပ်ရင်းမှူး သင်တန်းများကို အဓိကပေးသည့် တိုက်ခိုက်ရေး သင်တန်းကျောင်းကို အထိနာစေရန် တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ ယခုအချိန်သည် တပ်ရင်းမှူးသင်တန်း ပေးနေသော အချိန်ကာလဖြစ်သောကြောင့် စစ်တပ် အရာရှိများကိုရည်ရွယ်၍ တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

BWM နှင့် မဟာမိတ်တို့၏ KNLA တပ်မဟာ (၂) တပ်ရင်း (၅) နှင့် ပူပေါင်း ဖော်ဆောင်သော ယနေ့မစ်ရှင်သည် စစ်ရှုံးကောင်စီ၏ ဩဇာကိုခံ၍ ပြည်သူလူထုကို နည်းမျိုးစုံဖြင့် နှိပ်စက်သတ်ဖြတ်နေသော စစ်အရာရှိများကို ပြည်သူ့ကိုယ်စား တန်ပြန်တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ ထို့ပြင် အနီးအနားရှိအပြစ်မဲ့ ပြည်သူတို့ကို အချိန်မရွေး ရမ်းသမ်းပစ်ခတ်နေသော အရေးကြီးပစ်မှတ်ဖြစ်သည့် ဘုရင့်နောင်ရှိ လက်နက်ကြီး အထိုင်နေရာကိုလည်း ရှော့တိုက်ဒုံးများဖြင့် ထည့်သွင်း ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“အနီးကရွာတွေကိုလည်း လက်နက်ကြီးတွေနဲ့ တနေ့လုံး တညလုံး အကြောင်းမဲ့ ပစ်ခတ်နေတဲ့ ဘုရင့်နောင်သင်တန်းရဲ့ လက်နက်ကြီး အထိုင်ကိုလည်းထည့် ပစ်ထားတယ်။ မြန်မာပြည်အနယ်နယ်အရပ်ရပ်မှ အာဏာသိမ်းစစ်အုပ်စု၏ အဓိကဒေါက်တိုင်များဖြစ်သော စစ်ခွေးတပ်စုမှူး၊ တပ်ခွဲမှူးနှင့် တပ်ရင်းမှူး သင်တန်း များကို အဓိကပေးသည့် တိုက်ခိုက်ရေး သင်တန်းကျောင်း ကိုအထိနာစေရန် တိုက်ခိုက်ခြင်းဖြစ်သည်။ ယခုအချိန်တွင် တပ်ရင်းမှူးသင်တန်းကို ပေးနေသော အချိန်ကာလဖြစ်သောကြောင့် စစ်ခွေးအရာရှိများ ကိုရည်ရွယ်၍ တိုက်ခိုက်ခြင်းဖြစ်ပါတယ်” ဟု Brave Warriors for Myanmar (BWM) မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အလားတူ ယနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်လည်း Brave Warriors for Myanmar (BWM) အဖွဲ့က မန္တလေးနန်းတွင်းရှိ အာဏာသိမ်း စစ်တပ်၏ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အတွင်းသို့ ၁ဝ၇ မမ ရှော့တိုက်ဒုံး ၅ လုံးကို ပစ်ခတ်ရာ ၄ လုံးကို အောင်မြင်စွာပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ပြီး စစ်သား ၂ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း၊ BWM နှင့် မဟာမိတ်အဖွဲ့များသည် ပြည်သူများ၊ တော်လှန်ရေးအင်အားစုအားလုံးနှင့်အတူ တော်လှန်ရေးအောင်ပွဲရသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အသိပေးပြောဆိုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article