21.5 C
Yangon

မကွေးတိုင်းအတွင်းရှိ စလင်းမြို့နယ်နှင့် ပွင့်ဖြူမြို့နယ် အပါအဝင် မြို့နယ်ပေါင်း ၆ ခုရှိ စစ်စခန်း အားလုံးကို PDF တပ်က ထိုးစစ်ဆင် တိုက်ခိုက်နေပြီး ကပစ ၂၁ ၊ ကပစ ၂၂ နှင့် ကပစ ၂၄ တို့ကို သွယ်တန်းထားသော မီးတိုင်း ၁၀၀ ကျော်ကို ဖောက်ခွဲရှင်းလင်း

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၈

မကွေးတိုင်းအတွင်းရှိ စလင်းမြို့နယ်နှင့် ပွင့်ဖြူမြို့နယ် အပါအဝင် မြို့နယ်ပေါင်း ၆ ခုရှိ အကြမ်းဖက် စစ်တပ် စစ်စခန်း အားလုံးကို PDF တပ်က ထိုးစစ်ဆင် တိုက်ခိုက်နေပြီး ကပစ ၂၁ ၊ ကပစ ၂၂ နှင့် ကပစ ၂၄ တို့ကို သွယ်တန်းထားသော မီးတိုင်း ၁၀၀ ကျော်ကို ဖောက်ခွဲရှင်းလင်းလိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန က ယနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်သည် ပြည်သူ့စစ်မဟာဗျူဟာကို အခြေခံလျက် အကြမ်းဖက် စစ်ကော်မရှင်ကို ဘက်ပေါင်းစုံမှ စဉ်ဆက်မပြတ် ထိုးနှက်တိုက်ခိုက်လျက်ရှိကြောင်း၊ အကြမ်းဖက် စစ်ကော်မရှင်က အတုအယောင်ရွေးကောက်ပွဲ ပထမအကျော့ ကျင်းပမည့် မကွေးတိုင်းအတွင်းရှိ စလင်းမြို့နယ်နှင့် ပွင့်ဖြူမြို့နယ် အပါအဝင် မြို့နယ်ပေါင်း ၆ ခု မှ အကြမ်းဖက် စစ်တပ်စခန်းများကို ဒီဇင်ဘာလ ၂၃ ရက်နေ့ နံနက် အရုဏ်တက်ချိန်မှ စတင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မကွေးတိုင်းစစ်ဌာန၏ ဦးစီးကွပ်ကဲမှုဖြင့် စတင် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ထိုးစစ်ဆင်မှုအတွင်း အဆိုပါမြို့နယ်များရှိ အကြမ်းဖက် စစ်ကော်မရှင်၏ အုပ်ချုပ်ရေး နှင့် စစ်ရေးကဏ္ဍဆိုင်ရာ အခြေခံအဆောက်အဦးများကို မီးရှို့ရှင်းလင်းနိုင်ခဲ့ကြောင်း၊ ထို့ပြင် ပြည်သူလူထုကို ဦးတည်လျက် လေကြောင်းမှ တိုက်ခိုက်ရာတွင် အသုံးပြုသော လေယာဉ်ဗုံးများ ထုတ်လုပ်ရာ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကပစ (၂၁)၊ ကပစ (၂၂) နှင့် လက်နက်ကြီး ကျည်ဆံများထုတ်လုပ်ရာ ပေါက်မြို့နယ်အတွင်းရှိ ကပစ (၂၄) တို့ကို သွယ်တန်းထားသော လျှပ်စစ်မဟာဓါတ်အားလိုင်းမှ ဓါတ်တိုင်ပေါင်း (၁၀၀) ကျော်ကို တပြိုင်နက်တည်း မိုင်းခွဲ ရှင်းလင်းနိုင်ခဲ့ကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၂၅ ရက်နေ့ ည ၇ နာရီခန့်တွင် စလင်းမြို့မှ ဆင်ဖြူကျွန်းမြို့သို့ ဦးတည်ထွက်ခွာလာသော အင်အား ၁၇၀ ခန့်ပါဝင်သည့် အကြမ်းဖက် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့ဝင်များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းတွင် ပါရှိသော လက်နက်ခဲယမ်း နှင့် ဒရုန်းများ တင်ဆောင်လာသော ကား ၅ စီးလုံး နေရာတွင်ပင် ပေါက်ကွဲပျက်စီးခဲ့ပြီး အကြမ်းဖက် စစ်သားများ ထိခိုက်သေဆုံးမှုများစွာဖြင့် ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရသည်။

လက်ရှိချိန်တွင် စလင်းမြို့နယ်အတွင်းရှိ စလင်းမြို့နှင့် ဆင်ဖြူကျွန်းမြို့တို့ကို တော်လှန်ရေးအင်အားစုများက ဝန်းရံပိတ်ဆို့ထားပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်သည် သစ္စာအဓိဌာန် ၄ ချက်ကို ခံယူလျက် ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်လျက်ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ပြောဆိုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article