ရန်ကုန်၊ ဒီဇင်ဘာ ၂၈
မွန်ပြည်နယ်၊ သိမ်ဇရပ်မြို့တွင် ရွေးကောက်ပွဲလုံခြုံရေးပေးရန် ထွက်လာသော ၂၀၇ တပ်ရင်းမှ စစ်သားများကို ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပဲခူးခရိုင် ပကဖ ခရိုင်တာဝန်ခံ ဖြိုးမောင် က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆို့သည်။
ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျိုက်ထိုက်မြို့နယ်၊ သိမ်ဇရပ်မြို့တွင် အကြမ်းဖက် စစ်တပ်က တရားမဝင်ရွေးကောက်ပွဲ ကျင်းပနိုင်ရေး လုံခြုံရေးပေးရန်ထွက်လာသော ၂၀၇ တပ်ရင်းမှ စစ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ မှ စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်သော်လည်း အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း သိရသည်။
“စစ်ခွေးတွေဘက်က ထိခိုက်သေဆုံးမှုရှိနိုင်ပေမယ့် အတိအကျ မသိရသေးဘူး။ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့မှာ ရွေးကောက်ပွဲကျင်းပနေခြင်းကို ၂၀၇ တပ်က တော်လှန်ရေးနယ်မြေအထိ လာကာနေလို့ ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ စစ်ကောင်စီက ပြုလုပ်တဲ့ ရွေးကောက်ပွဲဆိုတာ မအလ သမ္မတ ဖြစ်ဖို့ပါပဲ တရားလဲ မဝင်သလို အသိအမှတ်လဲ မပြုပါဘူး။ ကျနော်တို့ကတော့ အာဏာရှင်ကို အဆုံးထိ ဆက်ချသွားမှာပါ” ဟု ပဲခူးခရိုင် ပကဖ ခရိုင်တာဝန်ခံ ဖြိုးမောင် က ပြောဆိုသည်။
ထိုတိုက်ခိုက်မှုကို ပဲခူးခရိုင် ပကဖ လက်နက်ကြီးတပ်ဖွဲ့၊ ဝေါမြို့နယ် ပကဖ နှင့် ကဝမြို့နယ် ပကဖ လက်နက်ကြီးတပ်ဖွဲ့ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးရဲဘော်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။
ထို့ပြင် မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်မှ ထွက်လာသော သီတာယုမွန်အဖွဲ့မှ ပျူစောထီး အမျိုးသမီး ၃ ဦး အရှင်ဖမ်းမိခဲ့ကြောင်း ထနောင်းမြေ စစ်ကြောင်း မှ စစ်ကြောင်း IO ရဲဘော်မူတူးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် မြင်းခြံမြို့ခြေ၌ ထနောင်းမြေ စစ်ကြာင်းနှင့် မြင်းခြံခရိုင် အမှတ် ၁ တပ်ရင်းမှ ရဲဘော်များ ပူးပေါင်း၍ ကင်းပုန်းဝပ် စောင့်ဆိုင်းနေစဉ် ပျူစောထီး ခေါင်းဆောင် သီတာယုမွန်အဖွဲ့မှ အမျိုးသမီး ပျူစောထီး ၃ ဦးကို တော်လှန်ရေး တပ်ဖွဲ့များက အရှင်ဖမ်းဆီးရရှိခဲ့ကြောင်း၊ လက်ရှိချိန်တွင် ၎င်းတို့ကို စစ်သုံ့ပန်း ဥပဒေနှင့် အညီ ဖမ်းဆီးထိန်းသိမ်းထားပြီး စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်နေကြောင်း သိရသည်။
“ခုလောလောဆယ်တော့ စစ်ဆေးမေးမြန်းနေပါတယ်။ လက်နက်မပါဘူး။ ထွက်ပြေးတော့မိုင်းထိထားတယ်။ သုံးယောက်စလုံး မိုင်းထိထားတယ်။ ခုတော့ဆေးကုပေးနေတယ်။ ခြေထောက်တွေမိုင်းထိထားလို့ မြင်းခြံမြို့ အနောက်ဘက်ခြမ်းမှာပါ” ဟု ထနောင်းမြေ စစ်ကြောင်း မှ စစ်ကြောင်း IO ရဲဘော်မူတူးက ပြောဆိုသည်။





