26 C
Yangon

စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကို တရားဝင်မှုပေးသည့် မည်သည့်အစိုးရမဆို စစ်တပ် ကျူးလွန်သော ရာဇဝတ်မှု ကြံရာပါ ပတ်သက်သူများဖြစ်လိမ့်မည်ဟု SAC-M သတိပေး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၉

အကြမ်းဖက် စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကို တရားဝင်မှုပေးသည့် မည်သည့်အစိုးရမဆို စစ်တပ် ကျူးလွန်သော ရာဇဝတ်မှု ကြံရာပါ ပတ်သက်သူများဖြစ်လိမ့်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ-SAC-M က သတိပေးပြောဆိုသည်။

ဒီဇင်ဘာလ၊ ၂၈ ရက်နေ့ အတုအယောင်ရွေးကောက်ပွဲမစတင်မီ ၂ ရက် အလိုအထိတိုင် မြန်မာစစ်အုပ်စုက ရက်စက်ကြမ်းကြုတ်မှုလုပ်ရပ်များကို ဆက်လက်တိုးမြှင့် ကျူးလွန်နေလျက်ရှိကြောင်း၊ အာဆီယံနှင့် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် အရပ်သားထိခိုက်သေဆုံးမှုများ ထပ်မံပေါ်ပေါက်ခြင်းမရှိအောင် ကာကွယ်ပေးရန် စစ်အုပ်စု၏ရက်စက်မှုများကိုရှုတ်ချကာ ခိုင်မာသော လက်တွေ့အရေးယူဆောင်ရွက်မှုများ မဖြစ်မနေချမှတ်လုပ်ဆောင်ရန် လိုအပ်သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီက တိုက်တွန်းသည်။

“မြန်မာနိုင်ငံမှာ စစ်အုပ်စုရဲ့ ရမ်းကားအကြမ်းဖက်မှုကမ်ပိန်းကလွဲလို့ အခြားဘယ်ရွေးကောက်ပွဲကမ်ပိန်းမှမရှိပါဘူး။ စစ်အုပ်စုဟာ တဖက်မှာ ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်နေပြီး တဖက်မှာတော့ တကယ်စစ်မှန်တဲ့ရွေးကောက်ပွဲတစ်ခု ကျင်းပနေသလို ဟန်ဆောင်နေပါတယ်။ စစ်အုပ်စုနဲ့ သူတို့ရဲ့ အတုအယောင်ရွေးကောက်ပွဲကို တရားဝင်မှုပေးတဲ့ ဘယ်အစိုးရမဆို စစ်အုပ်စုက ကျူးလွန်တဲ့ ရာဇဝတ်မှုတွေမှာ ကြံရာပါပတ်သက်သူတွေ ဖြစ်သွားပါလိမ့်မယ်။” ဟု SAC-M အဖွဲ့ဝင် Yanghee Lee က ပြောသည်။

စစ်အုပ်စုက တိုင်းပြည်၏ နယ်မြေ ၄၀ ရာခိုင်နှုန်း ထက်နည်းသောအကျယ်အဝန်းကိုသာ ထိန်းချုပ်ထားနိုင်ကြောင်း၊ ကျန် ၆၀ ရာခိုင်နှုန်း တွင် ရွေးကောက်ပွဲမကျင်းပနိုင်သောကြောင့် ထိုနယ်မြေများကို ထိုးစစ်ဆင်တိုက်ခိုက်နေလျက်ရှိကြောင်း၊ စစ်အုပ်စုက တော်လှန်ရေးထိန်းချုပ်နယ်မြေများနှင့် လွတ်မြောက်နယ်မြေများရှိ အရပ်သား လူစုလူဝေးရှိရာနေရာများ၊ ဆေးရုံများနှင့် လူနေအိမ်များကို လေကြောင်းမှမရပ်မနားတိုက်ခိုက်ခြင်း၊ ရန်သူဟုယူဆသူများကို တရားလက်လွတ်ဖမ်းဆီးခြင်းနှင့် ညှင်းပန်နှိပ်စက်ခြင်း စသည့်လုပ်ရပ်များအပါအဝင် အသေအပျောက်များသော အကြမ်းဖက်လုပ်ရပ်များကို လွန်ခဲ့သောရက်သတ္တပတ်အနည်းငယ်အတွင်း တရှိန်ထိုး တိုးမြှင့်လုပ်ဆောင်လာခဲ့ကြောင်း ထောက်ပြထားသည်။

ဒီဇင်ဘာလ၊ ၁၀ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ရှိ ပြည်သူ့ဆေးရုံတစ်ရုံကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ပြည်သူအနည်းဆုံး ၃၄ ဦး သေဆုံးခဲ့ပြီး နောက်ထပ် အနည်းဆုံး ၇၀ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

အဆိုပါ စစ်တပ်၏ တိုက်ခိုက်မှုကို အာဆီယံ နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အပါအဝင် နိုင်ငံတကာက ရှုတ်ချခဲ့ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး Volker Türk ကလည်း ထိုတိုက်ခိုက်မှုသည် စစ်ရာဇဝတ်မှု မြောက်နိုင်သည်ဟုဆိုကာ “စုံစမ်းစစ်ဆေးမှုပြုလုပ်ရန်နှင့် တာဝန်ရှိသူများကို အရေးယူပေးရန် တိုက်တွန်းပါသည်” ဟု ၎င်း၏ Facebook စာမျက်နှာ ပေါ်တွင် ထုတ်ဖော်ရေးသားခဲ့ကြောင်း သိရှိရသည်။

ထိုသို့ အုတ်အော်သောင်းနင်းဖြစ်ခဲ့သော်လည်း စစ်အုပ်က တွန့်ဆုတ်သွားခြင်းမရှိပဲ ချိုးဖောက်မှုများ ဆက်လက် ကျူးလွန်လာခဲ့ကြောင်း၊ မြောက်ဦးဆေးရုံကို ဗုံးကြဲမှုဖြစ်ပြီးနောက် စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းတခွင် ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား ဒါဇင်ချီ ထပ်မံသေဆုံးခဲ့ရသည်ဟု သိရှိရသည်။

ရွေးကောက်ပွဲဆန့်ကျင်မှုကြောင့် လူပေါင်း ရာနှင်ချီ ဖမ်းဆီးခြင်းခံခဲ့ရကြောင်း၊ စစ်အုပ်စုက ဒီဇင်ဘာလ ၁၄ ရက်နေ့ တရားလက်လွတ်ဖမ်းဆီးထိန်းသိမ်းခဲ့သော ဒီမိုကရေစီအရေးတက်ကြွလှုပ်ရားသူ ကိုထက်မြတ်အောင်၏ လုံခြုံရေး အခြေအနေသည်လည်း အလွန်စိုးရိမ်ပူပန်ရသည့် အနေအထားတွင်ရှိနေကြောင်း၊ အသက် ၂၄ နှစ်အရွယ် ကိုထက်မြတ်အောင်သည် ချုပ်နှောင်ခံထားရစဉ် ပြင်းပြင်းထန်ထန် ညှင်းပန်းနှိပ်စက်ခံခဲ့ရသည့်ဒဏ်ရာများကြောင့် အသက်အန္တရာယ်စိုးရိမ်နေရသည်ဟု သိရှိရသည်။

ကိုထက်မြတ်အောင်သည် ဒီဇင်ဘာလ၊ ၃ ရက်နေ့က မန္တလေးတွင် အတုအယောင်ရွေးကောက်ပွဲကိုဆန့်ကျင်သည့် လျှပ်တပြက်ဆန္ဒထုတ်ဖော်မှုအစီအစဉ်ကို ဦးဆောင်ခဲ့သောကြောင့် “ရွေးကောက်ပွဲကာကွယ်ရေးဥပဒေ” အရ စစ်အုပ်စုကအလိုရှိနေသူ ၁၀ ဦးထဲမှ တစ်ဦးဖြစ်ကြောင်း၊ စစ်အုပ်စုသည် ကိုထက်မြတ်အောင်၏ လက်ရှိအခြေအနေအကြောင်း တစုံတရာ သတင်းထုတ်ပြန်ပေးရန် ငြင်းဆန်ထားကြောင်း သိရှိရသည်။

ရွေးကောက်ပွဲဆိုင်ရာ “ဥပဒေ” သည် ရွေးကောက်ပွဲဆန့်ကျင်သူများကို သေဒဏ်အပါအဝင် ကြီးလေးသောပြစ်ဒဏ်များချမှတ်နိုင်သည့် ဥပဒေတစ်ခုဖြစ်ပြီး ဤ“ဥပဒေ” အရ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရသူ ၂၂၉ ဦး ရှိသည်ဟု ပြီးခဲ့သောအပတ်တွင် စစ်အုပ်စုက ကြေညာခဲ့သည်။

စစ်အုပ်စုက ၎င်းတို့အားဆန့်ကျင်သူများကို ထိုသို့ပြင်းထန်သော အရေးယူမှုများပြုလုပ်ခြင်းကို ကြည့်ခြင်းအားဖြင့် ရွေးကောက်ပွဲသည် ပြည်သူလူထုကိုဖိနှိပ်သည့် နည်းလမ်းသစ်တစ်ခုဖြစ်လာနေကြောင်းနှင့် စစ်အုပ်စုက ၎င်းတို့ တရားဝင်မှုရအောင် အတင်းလုပ်ယူဖန်တီးရန်စီမံထားသော အတ္တဆန်သည့်လှည့်ကွက်တစ်ခုသာဖြစ်ကြောင်း ဖော်ပြနေသည်။

ထို့ကြောင့် စစ်အုပ်စု၏ ရွေးကောက်ပွဲသည် မြန်မာပြည်သူများ၏လွတ်လပ်မျှတသောဆန္ဒကို ဖော်ထုတ်ပေးနိုင်သည့် အရာတစ်ခုမဟုတ်ဘဲ စစ်အုပ်စု၏ ကိုယ်ပွားပါတီတစ်ခုဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) ကြီးစိုးနိုင်အောင် စနစ်တကျ အကွက်ချထားသော ဖြစ်စဉ်တစ်ခုသာဖြစ်ကြောင်း ထောက်ပြထားသည်။

အရပ်သားပြည်သူများ ထပ်မံတိုက်ခိုက်ခြင်းမခံရအောင် ကာကွယ်ပေးရန် အာဆီယံ၊ မြန်မာနိုင်ငံ၏ အိမ်နီးချင်း နိုင်ငံများနှင့် အခြားသော နိုင်ငံတကာအသိုင်းအဝိုင်းတို့က အရေးပေါ် အရေးယူဆောင်ရွက်မှုများ ပြုလုပ်ပေးရရန်၊ သက်ဆိုင်ရာအစိုးရများအနေဖြင့် အတုအယောင်ရွေးကောက်ပွဲကို ပြတ်သားစွာငြင်းပယ်ရန်နှင့် စစ်အုပ်စု သို့မဟုတ် ၎င်းကခန့်အပ်လာမည့် မည်သည့်ကိုယ်ပွားအဖွဲ့ တခုခုကိုမဆို တရားဝင်မှုပေးသလိုဖြစ်စေမည့် မည်သည့် ထိတွေ့ဆက်ဆံမှုမျိုးကိုမဆို ရှောင်ရှားရန် SAC-M ကတောင်းဆိုထားသည်။

မြန်မာနိုင်ငံရှိ တရားဝင်ဒီမိုကရေစီအစုအဖွဲ့များကို အားပေးထောက်ခံရန်၊ စစ်အုပ်စုထံ ငွေကြေး၊ လက်နက်နှင့် လေယာဉ်ဆီ စီးဆင်းနေမှုကိုပြတ်တောက်စေမည့် ဘဏ္ဍရေးဆိုင်ရာ ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုများနှင့် ပူးပေါင်းပိတ်ဆို့အရေးယူမှုများပြုလုပ်ကာ စစ်အုပ်စုကို ကန့်သတ်ဟန့်တားရန် နိုင်ငံတကာအသိုင်းအဝိုင်းကို SAC-Mက တောင်းဆိုသည်။

✅ နောက်ဆုံးအနေဖြင့် စစ်ရာဇဝတ်မှုကျူးလွန်ကြောင်း စွပ်စွဲခံထားရသည့် စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်နှင့် ၎င်းက USDP ပါတီတွင် အသီးသီးနေရာချ ခန့်အပ်ထားသူများ အပါအဝင် ၎င်း၏နောက်လိုက်များနှင့် အပေါင်းအပါ စီပွားရေးခရိုနီများကို အပြစ်ပေးအရေးယူနိုင်ရန်နှင့် ၎င်းတို့၏ ယုတ်မာရက်စက်မှုများအတွက် တာဝန်ခံမှုရှိလာအောင် ဆောင်ရွက်နိုင်ရန် နိုင်ငံတကာအစိုးရများက နှစ်ဆပိုမိုအားစိုက်ကာ ကြိုးစားလုပ်ဆောင်သွားရပါမည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article