23 C
Yangon

သရက်မြို့နယ်၊ ဆင်ကော်ကျေးရွာ ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ပိတ်ဆို့တိုက်ခိုက်နေပြီး ကပစ ၁၂ မှ လက်နက်ကြီး၊ ဒရုန်းများဖြင့် ကျေးရွာများကို ပစ်ခတ်နေ၍ နေအိမ်များ ပျက်စီးကာ ရွာလုံးကျွတ် ထွက်ပြေးနေရ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၉

မကွေးတိုင်း၊ သရက်မြို့နယ်၊ ဆင်ကော်ကျေးရွာ ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ပိတ်ဆို့တိုက်ခိုက်နေပြီး ကပစ ၁၂ မှ လက်နက်ကြီး၊ ဒရုန်းများဖြင့် ကျေးရွာများကို ပစ်ခတ်နေ၍ နေအိမ်များ ပျက်စီးကာ ရွာလုံးကျွတ် ထွက်ပြေးနေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်း ဌာန ထံသို့ ပြောကြားသည်။

ဒီဇင်ဘာလ ၂၄ ရက်နေ့မှ စတင်၍ သရက်မြို့နယ်အတွင်းရှိ အင်အား ၃၀ ခန့်ဖြင့် တပ်စွဲထားသော ဆင်ကော်ကျေးရွာ ရဲစခန်းကို တော်လှန်ရေးတပ် ဖွဲ့များက ဝိုင်းဝန်းပိတ်ဆို့ထားပြီး ဒရုန်း၊ လက်နက် ကြီးများဖြင့် တိုက်ခိုက်လျက်ရှိရာ ယနေ့ ဒီဇင်ဘာလ ၂၉ ရက်နေ့အထိ ကြာမြင့်ပြီဖြစ်ကြောင်း သိရ သည်။

ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် ဒီဇင်ဘာလ ၂၈ ရက် ညပိုင်းက ကပစ ၁၂ မှ အင်အား ၅၀ ခန့်ဖြင့် သ ရက်မြို့မ ရဲစခန်းမှူး ဦးဆောင်ပြီး ဆင်ကော်ရဲစခန်းကို စစ်ကူပေးရန် ထွက်လာခဲ့ကြောင်း၊ ယင်း စစ် ကြောင်းနှင့်အတူ ကပစ ၁၂ တပ်အတွင်းမှ လက်နက်ကြီး၊ ဒရုန်းများဖြင့် ပြည်သူလူထုနေထိုင်ရာ ကျေးရွာများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ရာ ပြည်သူ့နေအိမ်များ ထိခိုက်ပျက်စီးပြီး ဆင်ကော်ကျေးရွာ နှင့် မြို့လှကျေးရွာနေ ပြည်သူများလည်း အိုးအိမ်စွန့်ခွာထွက်ပြေးနေရကြောင်း သိရသည်။

“ဆင်ကော်ရဲစခန်းက ကပစ ၁၂ နဲ့ဆိုရင် ၁၀ မိုင် ၁၂ မိုင်လောက်ပဲဝေးမယ်၊ အဲဒါကို ၂၄ ရက်နေ့က စ ပြီးတော့ ဝိုင်းပိတ်ဆိုပြီးတော့ ဒရုန်းဗုံးသီးချတိုက်ခိုက် နေတာရှိတယ်၊ အဲဒါက ဒီနေ့ ဒီဇင်ဘာလ ၂၉ ရက်နေ့အထိပဲ။ အဲဒီမှာ မနေ့က ၂၈ ရက်နေ့ညပိုင်းကစပြီးတော့ ကပစ ၁၂ ကနေ သရက်ရဲစခန်းမှူး ဦးဆောင်တဲ့ အင်အား ၅၀ ပါ စစ်ကြောင်းတစ်ကြောင်းက ဆင်ကော်စခန်းထဲမှာ ပိတ်မိ နေတဲ့ဟာ တွေကို စစ်ကူပေးနိုင်ဖို့အတွက် ထွက်လာတယ်၊ ပြီးတော့ ကပစ ၁၂ ကနေ လက်နက်ကြီးတွေ ပစ် ကူပေးလို့ ကျေးရွာတွေထဲကို ကျတာ ပြည်သူတွေရဲ့နေအိမ်တွေအချို့ ကို ထိမှန်တာရှိတယ်၊ ပြည်သူ တွေက အိုးအိမ်စွန့်ခွာပြီးတော့ ဘာမှ မယူနိုင်ပဲနဲ့ထွက်ပြေးနေရတာ ရှိပါတယ်။” ဟု ဒေသနေပြည်သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ထို့အပြင် အကြမ်းဖက်စစ်တပ်စစ်ကြောင်းက ပြည်သူလူထုပိုင် ကောက်ရိုးပုံများကိုလည်း မီးရှို့ ဖျက် ဆီးနေကြောင်း၊ စစ်တပ်က လက်နက်ကြီး၊ ဒရုန်းများဖြင့် တိုက်ခိုက်မှုကြောင့် ပြည်သူလူထု ထိခိုက်မှု မရှိကြောင်း သိရသည်။

“ပြည်သူတွေ ထိခိုက်တာမျိုးတော့ မရှိသေးပါဘူး။ ပြည်သူတွေကတော့ ဘာမှ သိမ်းဆည်းချိန်မရှိပဲနဲ့ ဒီအတိုင်းပဲ လူလွတ် ထွက်ပြေး ကြရတာ၊ အဲဒီဘက်က ရွာတွေက အခုမှ စစ်ဆိုတာလည်း ကြုံဖူး တယ်၊ အတွေ့အကြုံတွေကလည်း မရှိဘူး။ ဒီအတိုင်းပဲထားခဲ့ပြီးတော့ လူလွတ်ရုန်းထွက် ပြေးကြရ တာ။ လောလောဆယ် ကောက်ရိုးပုံ တွေကတော့ မရှိတော့ဘူး၊ အကုန်လုံးမီးတွေလည်းလောင်၊ ရွာ ထဲတွေလည်းကျ အိမ်တွေလည်း အကုန်စုတ်ပြတ်ပျက်စီးကုန်တော့” ဟု ဒေသနေပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article