ပဲခူးတိုင်း ရေတာရှည်မြို့နယ်၊ မကွေးတိုင်း အောင်လံမြို့နယ်နှင့် နေပြည်တော် တပ်ကုန်းမြို့နယ်တို့တွင် အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများနှင့် စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သား ၃၃ ဦးသေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ညပိုင်းတွင် ထုတ်ပြန်ထားသည်။
ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ ဆွာမကြီးကျေးရွာနှင့် အနောက်ဘက်ကမ်းရှိ ခင်တန်းလေးကျေးရွာ၊ ဒိုးတန်းကျေးရွာတို့တွင် အကြမ်းဖက် စစ်တပ်၏ မဲရုံများ တည်ဆောက်ကာ အနီးအနား ကျေးရွာမှ ပြည်သူများကို မဲထည့်ရန် ဖိအားပေး ဆောင်ရွက်လျက်ရှိသောကြောင့် နေပြည်တော်တိုင်းစစ်ဌာန၏ ကွပ်ကဲမှုအောက်ရှိ တပ်ရင်းတပ်ဖွဲ့များက တပြိုက်နက်တည်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်၏ အထိုင်စခန်းအချို့နှင့် မဲရုံနေရာများကို ရှင်းလင်းနိုင်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်သား ၁၀ ဦးခန့် သေဆုံးကာ အထိအခိုက်များစွာဖြင့် ဆုတ်ခွာ ထွက်ပြေးသွားကြောင်း၊ ထို့ပြင် တိုက်ပွဲတွင်း ပိတ်မိနေသော ပြည်သူများကိုလည်း တော်လှန်ရေး တပ်ဖွဲ့ဝင်များက ကယ်ထုတ်၍ ဘေးလွတ်ရာသို့ ရွေ့ပြောင်းပေးနိုင်ခဲ့ကြောင်း သိရှိရသည်။
အလားတူ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင်လည်း အောင်လံမြို့နယ်၊ ခလရ ၇၁ တပ်ရင်းမှ ထွက်လာသော အင်အား ၂၀ ခန့်ပါ စစ်ကားကို နေပြည်တော် PDF များနှင့် မဟာမိတ်များက ပူးပေါင်း၍ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ အရာရှိ ၁ ဦး အပါအဝင် ၁၆ ဦးခန့် သေဆုံးခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာလ ၂၆ ရက်နေ့တွင်လည်း နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ သံပုရာကုန်းအုပ်စု၊ သဲချောင်းကျေးရွာကို ဝင်ရောက်လာသော အင်အား ၂၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲများက စောင့်ကြို တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။
ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ရေတာရှည်မြို့နယ်၊ အောင်ချမ်းသာ ကျေးရွာ ဘုရားကုန်းတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် တော်လှန်ရေး တပ်ဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း၊ ထို့ပြင် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ရေတာရှည်မြို့နယ် ဆွာမြို့ရှိ ခလရ-၁၉ တပ်ရင်းဝင်းအတွင်းကိုလည်း ၁၀၇ မမ ရှော့တိုင်ဒုံး ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်သည် အကြမ်းဖက်စစ်တပ်ကို အပြီးတိုင် ချေမှုန်းနိုင်ရေးအတွက် စွမ်းစွမ်းတမံ ဆက်လက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ပြောဆိုသည်။





