မကွေးတိုင်း၊ ဂန့်ဂေါခရိုင်အတွင်းရှိ စစ်တပ်၊ ပျူစောထီးစခန်းများကို Yawland Operation စစ်ဆင် ရေးအမည်ဖြင့် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ ပျူစောထီးကျေးရွာ တစ်ရွာကို သိမ်းပိုက်ရရှိထားပြီ ဖြစ်ကြောင်း ဂန့်ဂေါခရိုင် စစ်ဌာနတာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်း ဌာနထံသို့ ပြော ကြားသည်။
ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက် ၅ နာရီခန့်မှ စတင်၍ ဂန့်ဂေါခရိုင်အတွင်းရှိ စစ်ကော်မရှင် တပ်စွဲထား သော ပျူစောထီးကျေးရွာများနှင့် စစ်တပ်စခန်းနေရာများကို Yawland Operation စစ်ဆင်ရေး အမည်ဖြင့် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိရာ ပျူစောထီးကျေးရွာ ၁၁ ရွာရှိသည့် အနက် တစ်ရွာကို သိမ်းပိုက်ရရှိထားပြီဖြစ်ကြောင်း သိရသည်။
“အသေးစိတ်တော့ ပြောလို့မရသေးဘူး။ ဒေသတွင်းတော်လှန်ရေးအင်အားစုတွေ၊ မဟာမိတ်အဖွဲ့အ စည်းတွေနဲ့ လက်တွဲပြီး စစ်ဆင်ရေးဖော်ဆောင်နေခြင်းဖြစ်ပါတယ်” ဟု ဂန့်ဂေါခရိုင် စစ်ဌာနမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို ဂန့်ဂေါခရိုင်စစ်ဌာနအနေဖြင့် ဒေသအတွင်း တော်လှန်ရေးအင်အားစုများ ၊ မဟာမိတ်တော်လှန်ရေးအဖွဲ့အစည်းများ ပူးပေါင်းကာ တိုက်ခိုက်နေခြင်းဖြစ်ပြီး စစ်ရေးရည်မှန်းချက် ပြီးမြောက်အောင်မြင်ပါက အသေးစိတ်အချက်အလက်များကို ထပ်မံထုတ်ပြန်ပေးသွားမည်ဖြစ် ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဂန့်ဂေါခရိုင် စစ်ဌာနက ပြောသည်။
ယင်းစစ်ဆင်ရေးအတွင်း အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် အကြိမ်ကြိမ် ဗုံးကျဲ တိုက်ခိုက် လျက်ရှိပြီး ဒေသနေ မိဘပြည်သူများအနေဖြင့် လေကြောင်း၊ လက်နက်ကြီး အန္တရာယ်တို့ကို အထူး ဂရုစိုက်နေထိုင်ပေးကြပါရန် တိုက်တွန်းထားသည်။




