ဝက်လက်၊ တောင်သာ၊ မလှိုင်နှင့် မြင်းခြံမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၃ ဦးသေဆုံးပြီး နေအိမ်များ မီးလောင်ပြာကျ
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ လိန်ပင်ရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ်ပေါ် ဗုံးကျရောက် ပေါက်ကွဲပြီး အမျိုးသမီး ၂ ဦး သေဆုံးကာ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ယနေ့ ဒီဇင်ဘာလ ၂၉ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်က စတင်ပြီး ဝက်လက်မြို့နယ်၊ လိန်ပင်ရွာကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၁ စီးဖြင့် ၄ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုဗုံးကျဲ တိုက်ခိုက်မှု အတွင်း လိန်ပင်ရွာ အနောက်ဘက်ရှိ နေအိမ် ၁ လုံးပေါ် ဗုံးကျရောက် ပေါက်ကွဲခဲ့သောကြောင့် ကျေးရွာနေပြည်သူ အမျိုးသမီး ၂ ဦးသေဆုံးကာ အမျိုးသား ၃ ဦးနှင့် အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် နေအိမ်များလည်း မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
“လိန်ပင်ရွာ အနောက်ဘက်က နေအိမ်ပေါ်ကို ဗုံးက တည့်တည့် ကျရောက် ပေါက်ကွဲတာလို့ သိရတယ်။ ကျနော်တို့ သိရတာတော့ အမျိုးသမီး ၂ ဦး ပွဲချင်းပြီးသေဆုံးတယ်။ နေအိမ်လည်း မီးလောင်ပျက်စီးသွားတယ်လို့ သိရတယ်။ ထိခိုက်ဒဏ်ရာရထားတာ ပြည်သူ ၄ ဦးရှိတယ်။ အမည်တွေတော့ ကျနော်တို့လည်း မသိရသေးဘူး” ဟု Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက ပြောဆိုသည်။
အလားတူ မန္တလေးတိုင်း၊ တောင်သာမြို့နယ်နှင် မလှိုင်မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ်များ မီးလောင်ပြာကျခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် မိတ္ထီလာလေတပ်မှ တက်လာသော အကြမ်းဖက် စစ်တပ်၏ စက်တပ်လေထီးများက တောင်သာမြို့နယ်၊ ရုံးစည်ကြီးရွာကို ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ရုံးစည်ကြီးရွာ မြောက်တောရိုးရှိ ပြည်သူပိုင် နေအိမ် ၁ လုံး မီးလောင်ပြာကျခဲ့ကြောင်း၊ အလားတူ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင်လည်း မိတ္ထီလာ လေတပ်မှ တက်လာသော အကြမ်းဖက် စစ်တပ်၏ စက်တပ်လေထီး ၂ စီးက မလှိုင်မြို့နယ် အတွင်းရှိ ကျေးရွာတစ်ရွာကို ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကျောင်းဖြူကန်ရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် အမျိုးသမီး ၁ ဦး သေဆုံးခဲ့ကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက ထုတ်ပြန်ထားသည်။
ဒီဇင်ဘာလ ၂၆ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် မြင်းခြံမြို့နယ်၊ ကျောင်းဖြူကန်ရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သောကြောင့် အသက် ၄၀ နှစ် အရွယ် အမျိုးသမီး ၁ ဦးသေဆုံးကာ အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – ဝက်လက်မြို့နယ်၊ လိန်ပင်ရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ထိခိုက် ပျက်စီးမှုများ







