စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ အုန်းတောရွာ ဖွံ့ဖြိုးရေးကျောင်းအတွင်း ရွေးကောက်ပွဲ ကျင်းပရန် စီစဉ်နေသော အကြမ်းဖက် စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း Generation Z Power – GZP(Mandalay) ပြည်သူ့ကာကွယ်ရေးမြို့ပြပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၂၈ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် စစ်ကိုင်းမြို့နယ်၊ အုန်းတောရွာ ဖွံ့ဖြိုးရေးကျောင်းအတွင်း၌ အတုအယောင်ရွေးကောက်ပွဲ ကျင်းပပြုလုပ်ရန် စီစဉ်လျက်ရှိသော အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း ဖွံ့ဖြိုးရေးကျောင်းဝင်းအတွင်းသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ပြီး ကျောင်းအုပ်ကြီးနေအိမ် နှင့် ကတုတ်ကျင်းများ ထိခိုက်ပျက်စီးကာ စစ်တပ်ဘက်မှ ထိခိုက်မှုရှိကြောင်း သိရသည်။
“ပြည်သူ့ဆန္ဒမပါဘဲ ပြုလုပ်တဲ့ အရာမှန်သမျှကို ဆက်လက်မလုပ်ဆောင်ဖို့ စကစကို သတိထပ်ပေးချင်ပါတယ်။ အဲနေရာမှာက စစ်ခွေး အင်အားက ၇၀ ဝန်းကျင်လောက်ရှိတယ်။ အသေအပျောက်ရှိတယ် တိကျတော့မသိရဘူး။ ထပ်တိုးသိရတာ ရဲမေ တွေပါ ထိတယ်လို့သိရတယ်”ဟု Generation Z Power အဖွဲမှ တာဝန်ရှိသူကပြောဆိုသည်။
ထိုသို့ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်ဘက်မှ လက်နက်ငယ်များဖြင့် အချိန်ကြာမြင့်စွာ ပြန်လည်ပစ်ခတ်သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုကို Generation Z Power – GZP(Mandalay) ပြည်သူ့ကာကွယ်ရေးမြို့ပြပြောက်ကျားတပ်ဖွဲ့နှင့် မဟာမိတ်များဖြစ်ကြသော Taw Twin Tup Pee LDF ၊ နယ်မြေခံ ပ.က.ဖ အဖွဲ့ တို့က ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အလားတူ မကွေးတိုင်း၊ ချောက်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများနှင့် စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သား ၁၂ ဦးသေဆုံးခဲ့ကြောင်း Chauk Revolution Army အဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလလ ၂၃ ရက်နေ့ နံနက် ၅ နာရီခန့်တွင် ဖိုကုန်းရွာရှိ အကြမ်းဖက် စစ်တပ် အထိုင်စခန်းနှင့် ကုန်းကြီးပျူစောထီးရွာကို တော်လှန်ရေး တပ်ဖွဲ့များက တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုထိတွေ့ တိုက်ပွဲသည် ၂ နာရီခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ စစ်ဗိုလ် ၁ ဦး အပါအဝင် ၄ ဦး သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာလ ၂၄ ရက်နေ့ မွန်းလွဲပိုင်းတွင် ကျောင်းပန်းတောင်း- ချောက် လမ်းပိုင်းတွင် ချောက်မြို့နယ် ကြံခိုင်ရေးပါတီအမတ် ရဲတင့်နှင့်အတူ လုံခြုံရေးလိုက်ပါသော ကားများကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ၃ ဦးသေဆုံးပြီး ၁၀ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒီဇင်ဘာလ ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင် ချောက်မြို့ မြောက်ဘက်မြို့အဝင် ကျောက်တဲဂိတ်ကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ် ဘက်မှ ၂ ဦးသေဆုံးခဲ့ပြီး ၁ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ဒီဇင်ဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် တပ်မ ၉၉ မှ အင်အား ၂၀၀ ဝန်းကျင်ခန့်ဖြင့် ထွက်လာသော စစ်တပ်သည် သစ်တိုကန်၊ သလုံးသွေး၊ ပြရွာ၊ ကန်တောက်ကျောင်း၊ အိုင့်ကြီး ကျေးရွာများ တလျှောက် စစ်ကြောင်းထိုးလာ၍ တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဗုံးများ၊ မိုင်းများဖြင့် တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးခဲ့ပြီး ၁၅ ဦးဝန်းကျင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိုစစ်ကြောင်းသည် ပြရွာမှ နေအိမ် ၁လုံး၊ ကန်တောက်ကျောင်းရွာမှ နေအိမ် ၃လုံးနှင့် အိုင့်ကြီးရွာမှ နေအိမ် ၁ လုံးတို့ မီးရှို့ဖျက်စီးခဲ့ကြောင်း၊ ထို စစ်ကြောင်းသည် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် အိုင့်ကြီးရွာမှ ဖိုကုန်းရွာဘက်သို့ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။
“ပြည်သူများ စစ်တပ်ရဲ့ အတုယောင် ရွေးကောက်ပွဲ မဲရုံတွေနား ရှောင်ရှား ပေးဖို့မှာချင်ပါတယ်။ စစ်ရေး သတင်းကို သတိပြုကြဖို့မှာချင်ပါတယ်” ဟု Chauk Revolution Army အဖွဲ့မှ တာဝန်ရှိသူကပြောဆိုသည်။
ထိုတိုက်ခိုက်မှုကို မကွေးခရိုင်စစ်ဌာန ညွန်ကြားချက်ဖြင့် Chauk Revolution Army နှင့်အတူ SR-7 မကွေးတိုင်းအထူးလှုပ်ရှားတပ်ရင်း၊ မကွေးခရိုင် အမှတ်၁ တပ်ရင်း ၊ မကွေးခရိုင် အမှတ် ၂ တပ်ရင်း ၊ မြိုင်မြို့နယ်ပြည့်သူကာကွယ်ရေးအဖွဲ့(မြိုင်/ပေါက် ပကဖ)တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။





