23 C
Yangon

ရေတာရှည်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၄ ဦးသေဆုံး၊ စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ ပြည်သူ ၂ ဦးသေဆုံး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၃၀

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၄ ဦး သေဆုံးကာ စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း တပ်ရင်း ၈၀၈ နေပြည်တော် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ရေတာရှည်မြို့ အနီးရှိ အောင်ချမ်းသာကျေးရွာတွင် တော်လှန်ရေး တပ်ဖွဲ့များနှင့် အကြမ်းဖက် စစ်တပ်တို့ တနေကုန် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ထို ထိတွေ့ တိုက်ပွဲတွင် အကြမ်းဖက် စစ်တပ်ဘက်မှ အထိနာပြီး ပြန်လည် ဆုတ်ခွာသွားကြောင်း၊ ယင်းနေ့ ညနေပိုင်းတွင် အကြမ်းဖက် စစ်တပ်က စစ်ကူအင်အားများ ထပ်မံဖြည့်တင်းပြီး တခွဲကျဲကျေးရွာဘက်ကို ပွိုင့်ဖိုက် စက်လက်များ ၊ လက်နက်ကြီး ပစ်ကူများဖြင့် ထပ်မံထိုးစစ်ဆင် တိုက်ခိုက်ခဲ့သောကြောင့် တိုက်ပွဲ ဆက်လက် ပြင်းထန်ခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်မှုများရှိသောကြောင့် ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။

‎ထို ထိတွေ့ တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၄ ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာ ရရှိသူ များစွာရှိကြောင်း၊ ထို့ပြင် တော်လှန်ရေး တပ်ဖွဲ့ဝင်များ နယ်မြေရှင်းလင်းရေး ပြုလုပ်စဉ် ခဲယမ်းတချို့နှင့် စစ်အသုံးအဆောင် ပစ္စည်းတချို့ သိမ်းဆည်းရရှိခဲ့ကြောင်း၊ တိုက်ပွဲအတွင်း တော်လှန်ရေး တပ်ဖွဲ့ဘက်မှ အထိခိုက် မရှိကြောင်း သိရှိရသည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားနေစဉ် အတွင်း အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများ၊ ပွိုင့်ဖိုက်များဖြင့် တခွဲကျဲရွာကို ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် ကျေးရွာနေ ပြည်သူ မမီးမီး ပွဲချင်းပြီး သေဆုံးကာ ကျေးရွာနေပြည်သူ မလှသီလည်း ဗိုက်ပွင့်ထွက် ဒဏ်ရာဖြင့် ဆေးရုံတွင် ထပ်မံသေဆုံးခဲ့ကြောင်း၊ ထို့ပြင် ကျေးရွာနေ ပြည်သူ အမျိုးသား ၁ ဦးလည်း ခြေထောက်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“စစ်ခွေး ၄ ဦးကောင်ကတော့ နေရာတင် ပွဲချင်းပြီးသေဆုံးခဲ့တာပါ။ ကျေးရွာနေ ပြည်သူ အမျိုးသမီး ၂ ဦးလည်း စစ်ခွေးတွေ ပစ်တဲ့ လက်နက်ကြီးကျည် ထိမှန်ပြီး သေဆုံးတယ်။ စစ်ခွေးအင်အား ကတော့ ၇၀ ဝန်းကျင်လောက်တော့ရှိမယ်။ လက်ရှိမှာတော့ စစ်ခွေးတွေက ဘယ်ကို ပြန်ဆုတ်သွားလဲဆိုတာတော့ အတည်မပြုနိုင်သေးဘူး။ စစ်တပ်က ပြုလုပ်တဲ့ ရွေးကောက်ပွဲတွေကို အပြင်းအထန် ‌နှောင့်ယှက်၊ တိုက်ဖျက်သွားမယ် ဖြစ်တဲ့အတွက် နေပြည်တော်စစ်တိုင်း စစ်ဆင်ရေးနယ်မြေများအတွင်းရှိနေသော မဲရုံများနဲ့ စစ်ကော်မရှင် တပ်များရှိနေတဲ့ နေရာတွေကို နေထိုင်ခြင်း သွားလာခြင်းများကို မပြုလုပ်ကြဖို့ ပြောချင်ပါတယ်” ဟု တပ်ရင်း ၈၀၈ – နေပြည်တော် PDF မှာတဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို နေပြည်တော်တပ်ရင်း ၈၀၆ ၊ ၈၀၇ ၊ ၈၀၈ နှင့် တပ်ရင်း ၃၅၀၄ နှင့် ရေတာရှည် ပကဖတို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း၊ လက်ရှိချိန်တွင် ရွှေကစောင်းရွာ၊ သဖန်းဇင် ခင်တန်းလေးရွာ နှင့် လေးအိမ်စုရွာ တို့မှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ဓာတ်ပုံ – တိုက်ပွဲအတွင်း သိမ်းဆည်းရရှိသော လက်နက်ခဲယမ်း တချို့နှင့် စစ်တပ်ပစ်ခတ်သော လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့သော ပြည်သူတစ်ဦး

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article