26 C
Yangon

ပေါက်ခေါင်းနှင့် ပြည်မြို့နယ် အစပ်ရှိ ချောင်းကောင်းရွာတွင် တပ်စွဲထားသော စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး၊ စစ်တပ်က ကျေးရွာကို စစ်ကြောင်းထိုးလာ၍ စစ်ရေးတင်းမာနေ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၃၀

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်နှင့် ပြည်မြို့နယ် အစပ်ရှိ ချောင်းကောင်းရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၄ ဦးသေဆုံးပြီး စစ်တပ်က ကျေးရွာကို စစ်ကြောင်းထိုးလာ၍ စစ်ရေး တင်းမာနေကြောင်း ပြည်ခရိုင် တပ်ရင်း (၂) ပြည်သူ့ကာကွယ်ရေးတပ်မတော် မှ ရဲဘော် Red Star က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် ပေါက်ခေါင်းမြို့နယ်နှင့် ပြည်မြို့နယ် အစပ်ရှိ ချောင်းကောင်းကျေးရွာ အေးဘုရားအနီးတွင် လက်နက်ကြီးများ တပ်ဆင်ကာ အထိုင်ချ တပ်စွဲထားသော အင်အား ၅ဝ ခန့်ရှိ အကြမ်းဖက် စစ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၄ ဦး သေဆုံးကာ ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ယနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်သည် ပေါက်ခေါင်းမြို့နယ်နှင့် ပြည်မြို့နယ် အစပ်ကို စစ်ကြောင်း ၂ ကြောင်းဖြင့် ကျေးရွာများကို စစ်ကြောင်းထိုးကာ လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် မြေပြင်တွင် စစ်ရေးဆက်လက် တင်းမာနေဆဲဖြစ်ကြောင်း သိရှိရသည်။

“တိုက်ပွဲကြာချိန်က ၁၅ မိနစ်လောက်ကြာတယ်။ အခု စစ်ကောင်စီ တပ်စွဲထားတဲ့ နေရာက ပေါက်ခေါင်းမြို့နယ်ထဲက ရွေးကောက်ပွဲမကျင်းပ နိုင်တဲ့ နေရာမှာပါပါတယ်။ အခုအထိုင်ချတဲ့ နေရာက ပြည်မြို့နယ်ကို ကာထားတဲ့ အနေအထားပေါ့။ သူတို့ ပြည်မြို့နယ်ထဲကို အကာအကွယ် ပေးတဲ့ အနေနဲ့ လာရောက် တပ်စွဲထားတာ ဒီနေ့မှာဆိုရင် သဲကုန်းဘက်ကနေပြီးတော့ ပေါက်ခေါင်းဘက်ကို စစ်ကြောင်းထိုးတယ်။ လက်နက်ကြီးတွေနဲ့ ပစ်တယ်။ ဒရုန်းတွေနဲ့လဲပျံဝဲနေတယ်။ လက်နက်ကြီးနဲ့ ပစ်တဲ့ အတွက်ကြောင့် ဒလမဲကျေးရွာအနီးကို လက်နက်ကြီးတစ်လုံးကျပါတယ်။ သဲကုန်းဘက်ကလည်း လက်နက်ကြီးနဲ့ ပစ်ပြီး စစ်ကြောင်းထိုးသလို ပေါက်ခေါင်းမြို့နယ်၊ ဗောဓိကုန်းဘက်ကလည်း စစ်ကြောင်းထိုးလာပါတယ်။ စစ်ကြောင်း ၂ ကြောင်းပေါ့။ ဒီနံနက်ကနေစပြီး ထိုးနေတာ” ဟု ပြည်ခရိုင် တပ်ရင်း (၂) ပြည်သူ့ကာကွယ်ရေးတပ်မတော် မှ ရဲဘော် Red Star က ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပဲခူးတိုင်း စစ်ဌာန၊ အမှတ် (၂၁) ဗျူဟာ၊ ပြည်ခရိုင် တပ်ရင်း (၂)၊ တပ်ခွဲ (၃) နှင့် ပြည်ခရိုင် တပ်ရင်း (၁)၊ တပ်ခွဲ (၃) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း၊ ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်တပ်နှင့် ပတ်သက် ဆက်စပ် သည့်နေရာများကို သွားရောက်ခြင်းမပြုကြရန် သတိပေးလိုကြောင်း ရဲဘော် Red Star က ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article