ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ပြည်သူ ၄ ဦးကို ဖမ်းဆီးပြီး လက်ကို ဓားဖြင့်မွှန်း၍ နှိပ်စက်ခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။
ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က သံဆိပ်ရွာမကျေးရွာမှ ဒေါ်သီသီထွေး ၊ ဦးဇင်မင်းဦး ၊ ဦးမောင်စိန်နှင့် ကိုရဲထွေးတို့ ၄ ဦးကို အကြောင်းမဲ့ ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း၊ ထိုသို့ ဖမ်းဆီးခေါ်ဆာင်သွားပြီးနောက် ဦးမောင်စိန်နှင့် ဦးရဲထွေး၏ လက်ကို ဓားဖြင့်မွှန်း၍ နှိပ်စက်ခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာလ ၂၄ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်က သံဆိပ်ရွာမကျေးရွာအတွင်းကို ၈၁ မမ လက်နက်ကြီး ၃ ဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အသက် ၆၉ နှစ်အရွယ် ဦးအောင်ကြည် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ်က ကျေးရွာ ၂ ရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ပခုက္ကူမြို့နယ်ရှိ သရက်ကန်ရွာနှင့် ညောင်ကွေ့သစ်ရွာကို ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ပျက်စီးသွားသော နေအိမ် အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ လက်ရှိချိန်တွင် ကျေးရွာနေပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
“စစ်ခွေးတွေ မီးရှို့ဖျက်ဆီးသွားတာ သရက်ကန်ရွာနဲ့ ညောင်ကွေ့သစ်ရွာပါ။ မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ် အရေအတွက်ကိုတော့ အတည်မပြုနိုင်သေးဘူး။ ပြည်သူတွေလည်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။





