ပဲခူးတိုင်း၊ ပဲခူးမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်ရာ ဗိုလ်ကြီး ၁ ဦး အပါအဝင် ၆ ဦးသေဆုံးပြီး ၅ ဦးအရှင်မိကာ လက်နက် ၁၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ပဲခူးတိုင်းစစ်ဌာနမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ပြောဆိုသည်။
ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ပဲခူးမြို့နယ် အတွင်း အကြမ်းဖက်စစ်တပ်မှ ပြုလုပ်မည့် တရားမဝင် အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ကြောင်း ပြည်သူများ ဆန္ဒထုတ်ဖော်နေစဉ် စစ်ကြောင်းထိုးဝင်ရောက်လာသော အကြမ်းဖက် စစ်တပ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ (၂၂) ကွပ်ကဲမှုအောက်ရှိ အမှတ်(၃၇၀၁) တပ်ရင်း၊ တပ်ခွဲ(၃) ရဲဘော်များက တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ဗိုလ်ကြီး ၁ ဦး၊ အရာခံဗိုလ် ၁ ဦး၊ ဆေးဗိုလ် ၁ ဦးနှင့် တပ်သားအဆင့် ၃ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကာ စစ်ကြောင်းအထိနာပြီး ပြန်လည် ဆုတ်ခွာထွက်ပြေးသွားကြောင်း၊ ထို့ပြင် တိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၅ ဦးကို အရှင်ဖမ်းမိပြီး လက်နက်ငယ် (၁၂)လက်နှင့်ခဲယမ်းများ၊ လက်ပစ်ဗုံး၊ စကားပြောစက်များနှင့် အခြားစစ်သုံးပစ္စည်းများကိုလည်း သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။
“စစ်သုံ့ပန်း ၅ ဦးထဲမှာ ၂ ဦးက ဒဏ်ရာရထားလို့ ကျနော်တို့ ဆေးကုသပေးထားပါတယ်။ သူတို့ကို ကောင်းမွန်စွာစောင့်ရှောက်ထားပါတယ်။ စစ်ဆေးမှုတော့ ဆက်လက် လုပ်ဆောင်သွားဖို့ရှိပါတယ်” ဟု ပဲခူးတိုင်းစစ်ဌာနမှ တာဝန်ရှိသူက ပြောဆိုသည်။





