ရန်ကုန်၊ ဇန်နဝါရီ ၁
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် တပ်ရေးဗိုလ်ကြီး သော်ဇင်ထွန်း လိုက်ပါလာသောကားကို ကြားဖြတ် တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်မှုရှိကြောင်း Ye Guerrilla Force-ရေးပြောက်ကျားတပ်က ထုတ်ပြန်ထားသည်။
ဒီဇင်ဘာလ ၃၁ ရက်နေ့ ညနေ ၄ နာရီ ၁၅ မိနစ်ခန့်တွင် ရေးမြို့နယ်အတွင်းရှိ စစ်ကွပ်ကဲရေး ဌာနချုပ်၊ စကခ ၁၉ မှ ပြန်လာသော ကျောင်းရွာကျေးရွာအခြေစိုက်ခမရ ၅၉၁ တပ်ရင်းနှင့် ခမရ ၅၈၃ တပ်ရင်းမှ တပ်ရေးဗိုလ်ကြီး သော်ဇင်ထွန်းနှင့် စစ်သားများ လိုက်ပါလာသောကားကို တော်လှန်ရေး တပ်ဖွဲ့များက ဖားကြီးကျေးရွာနှင့် ကံလှကျေးရွာ အကြားတွင် ရေးပြောက်ကျားတပ် (YGF) အမှတ် ၈၀၀၁ တပ်ရင်းမှ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှုသည် မိနစ်အနည်းငယ်သာ ကြာမြင့်ခဲ့ပြီး ယင်းတိုက်ခိုက်မှုအတွင်း တပ်ရေးဗိုလ်ကြီး သော်ဇင်ထွန်းအပါအဝင် စစ်သား ၄ ဦး ထိခိုက်ဒဏ်ရာရရှိကာ သေဆုံးမှုရှိ၊ မရှိကို ဆက်လက် အတည်ပြုနေဆဲဖြစ်ကြောင်း၊ တိုက်ခိုက်မှုအတွင်း တော်လှန်ရေး ရဲဘော်များဘက်မှ ထိခိုက်မှုမရှိဘဲ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
အလားတူ တနင်္သာရီတိုင်း၊ မေတ္တာမြို့နယ်တွင် အကြမ်းဖက် စစ်တပ် အထိုင်ချတပ်စွဲထားသော ကျောက်မဲတောင်ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း Eastern Defense Force (EDF) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် အထိုင်ချတပ်စွဲထားသော ကျောက်မဲတောင်ရဲစခန်းကို အရှေ့ပိုင်းကာကွယ်ရေးတပ်ဖွဲ့ (Eastern Defense Force – EDF) အဖွဲ့မှ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်သည့်အနေဖြင့် သွားရောက် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း ကျောက်မဲတောင် ရဲစခန်းသို့ မရောက်မှီ ကာကင်းထုတ်ထားသော အကြမ်းဖက် စစ်သားများပြားနှင့် ထိတွေ့ တိုက်ပွဲ မိနစ် ၃၀ ခန့်ဖြစ်ပွားခဲ့ကြောင်း၊ ထို တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုအရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ တော်လှန်ရေး ရဲဘော်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။
“စစ်ခွေး သေစာရင်းက သီးခြား တည်ပြုနိုင်တာမျိုးတော့ မရှိဘူး။ပြောဖို့ခက်တယ်။ ဘာကြောင့်ဆို သူတို့က အရင်နေရာယူထားတာမို့လို့ သူတို့ဘက်ကို မြင်ကွင်းကျ သိပ်မရှင်းဘူး။ သူတို့ယူထားတာတာက ကျည်ကွယ်မျက်ကွယ်ကောင်းတော့ သူတို့ဘက်ကနေပြီးကြည့်ရင် ကျွန်တော်တို့ဘက်ကိုကျ အကုန်ရှင်းရှင်းလင်းလင်းမြင်ရတဲ့အနေအထားဆိုတော့ တော်တော်လေး ဂရုစိုက်ရတဲ့ အနေအထားမှာမို့လို့ပါ။ အဲတာကျတော့ ခန့်မှန်း အင်အားက ၁၀၀ ဝန်းကျင်လောက်ရှိမယ်။ အဓိက ရည်ရွယ်ချက်က အတုအယောင်ရွေးကောက်ပွဲကို ငါတို့လက်မခံဘူးဆိုတာမျိုး သိရအောင်လို့ သူတို့ကို သိစေချင်တာမျိုးပါ။ ခန့်မှန်းခြေကတော့ စစ်ခွေးဘက်က ထိခိုက်သေဆုံးမှုရှိနိုင်ပါတယ်” ဟု Eastern Defense Force EDF မှ တာဝန်ရှိသူက ပြောဆိုသည်။




