မကွေးတိုင်း၊ နတ်မောက်မြို့နယ် စစ်ကားတစ်စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရာရှိ အပါအဝင် စစ်သား ၂ ဦး သေဆုံးပြီး လက်နက် ၂ လက်သိမ်းဆည်းရရှိခဲ့ကြောင်း နတ်မောက်မြို့နယ်ပကဖ တာဝန်ခံ ကိုအဆိပ်သီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြးသည်။
ယနေ့ ဇန်နဝါရီလ ၂ ရက် နံနက် ၈ နာရီခန့်က နတ်မောက်မြို့နယ်၊ စိုင်ကောင်း -ရွာမွန်လမ်းမပေါ် တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက လမ်းပိုင်းစစ်ဆေးမှုပြုလုပ်နေစဉ် စိုင်းကောင်းကျေးရွာ ဘက်မှ လာသော အရာရှိါအပါအဝင် စစ်သား ၃ ဦး လိုက်ပါလာသည့် တိုယိုတာ ဟိုင်းလပ်ဆပ်ကား တစ်စီးကို စစ်ဆေးရာ စစ်ဆေးခံခြင်းမပြုပဲ မောင်းပြေးသဖြင့် လိုက်လံပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပစ်ခတ်မှုကြောင့် ကားနောက်ခန်းတွင်လိုက်ပါလာသော အရာရှိအပါအဝင် စစ်သား ၂ ဦး သေဆုံးပြီး တစ်မိုင်ကျော်ကျော်အရောက် ခရီးသွားကားတစ်စီးကို သေနတ်ပစ်ဖောက်လုယူကာ သေဆုံးသွားသော စစ်သားအလောင်းများကို တင်ဆောင်ပြီး ထွက်ပြေးသွားကြောင်း၊ ထို့ကြောင့် တိမ်းမှောက်သွားသော ကားကို စစ်ဆေးခဲ့ရာ MA3 အမျိုးအစား သေနတ် ၂ လက်၊ ကျည်ဘောက် ၈ ဘောက်နှင့် ၅ ဒသမ ၆ ကျည်အတောင့် ၂၀၀ တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
“ဒီနေ့ လမ်းပိုင်းစစ်ဆေးမှုတက်လုပ်တာပေါ့၊ မနက် ၇ နာရီကျော်ကျော်လောက်မှာ လမ်းပိုင်း စစ် ဆေးမှု တက်လုပ်တာ။ ၈ နာရီလောက်လာမှာ စိုင်းကောင်းဘက်ကနေ လာတဲ့ စခ ၃ ဦး လိုက်ပါတဲ့ တိုယိုတာ ဟိုင်းလပ်ဆပ်ကားကို စစ်ဖို့တားတာ။ စစ်ခွင့်မပေးပဲနဲ့ မောင်းပြေးလို့ ပထမပွိုင့်နဲ့ ဒုတိယ ပွိုင့်တွေက ပစ်တာပေါ့၊ တတိယပွိုင့်က ဆက်ပစ်တဲ့အချိန်မှာ ကားနောက်ခန်းထဲမှာပါတဲ့ နှစ်ယောက် ကို ထိတယ်။ ရှေ့မောင်းတဲ့သူက ဆက်မောင်းပြေးလို့ နောက်ကနေ လိုက်ပစ်တော့ ကားဘီးမှန်ပြီး အခင်းဖြစ်တဲ့နေရာနဲ့ တစ်မိုင်ကျော်လောက်မှာ ကားက မှောက်သွားတာ။ နောက်ကနေ လိုက်လံ ရှင်းလင်းတဲ့အချိန်မှာ ခရီးသွားကားတွေကို သေနတ်ဖောက်တားပြီး ကားပေါ်က အလောင်းတွေကို ဆွဲတင်မောင်းပြေးသွားတာ ကျနော်တို့က လမ်းပိုင်းစစ်ဆေးဖို့ ဆိုင်ကယ်တွေက တောထဲမှာထားခဲ့ တာဆိုတော့ အဲဒီဆိုင်ကယ်တွေကို သွားပြီး လိုက်ရတဲ့အတွက် အချိန်လေးက နည်းနည်းလောက်ဟ သွားတာ။ ဟ သွားတဲ့အတွက် ပြေးဖို့အချိန်ရ သွားတာ။” ဟု နတ်မောက်မြို့နယ်ပကဖတာဝန်ခံ ကို အဆိပ်သီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါ စစ်ဆင်ရေးကို နတ်မောက်မြို့နယ်ပကဖအဖွဲ့မှ ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်ပွားရာ နေရာ သို့ သရက်ချဉ် ပျူစောထီးကျေးရွာမှ စစ်သား၊ ပျူများရောက်ရှိလာသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့ရခြင်းဖြစ်ကြောင်း သိရ သည်။
ထို့အပြင် ယမန်နေ့ ဇန်နဝါရီလ ၁ ရက် မွန်းတည့် ၁၂ နာရီ ၃၄ မိနစ်က ဆင်ပေါင်ဝဲမြို့နယ်၊ လဲဇင် ကျေးရွာ အနီးတွင် ကင်းလှည့်လာသည့် စစ်သား၊ ပျူစောထီးများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် များက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ US Carbine အမျိုးအစား မောင်းပြန်သေနတ် ၂ လက်သိမ်းဆည်းရရှိခဲ့ ကြောင်း သရက်ခရိုင် အမှတ် ၅ တပ်ရင်းက ထုတ်ပြန်ထားသည်။







