ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးထားသော အသက် ၁၇ နှစ်အရွယ် စစ်မှုထမ်း တပ်သားသစ် ၁ ဦး အပါအဝင် ၅ ဦး အလင်းဝင်ရောက်ခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။
ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်’ ၈ ထံသို့ အကြမ်းဖက် စစ်တပ်၏ ခမရ ၅၉၉ တပ်ရင်းမှ ပေါ်တာဆွဲ ဖမ်းဆီးခံထားရသော အသက် ၁၇ နှစ်အရွယ် စစ်မှုထမ်း တပ်သားသစ် ၁ ဦး အပါအဝင် ၅ ဦး အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အလင်းဝင်ရောက်လာသူ ၅ ဦးမှာ အသက် ၂၉ နှစ်အရွယ် ညွန့်ဇော်၊ အသက် ၂၉ နှစ်အရွယ် နေလင်းထက် ၊ အသက် ၁၇ နှစ်အရွယ် စန်းကိုနိုင် (ခ) ကိုကို ၊ အသက် ၂၈ နှစ်အရွယ် ကျော်ကျော် နှင့် အသက် ၃၀ နှစ်အရွယ် မြင့်သောင် တို့ဖြစ်ကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်တပ်မှ အတင်းအဓမ္ မစစ်မှုထမ်း စေခိုင်းခံရသူများအနေဖြင့် နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များထံသို့ ဆက်သွယ်ကာ ဘက်ပြောင်းခိုလှုံကြပါရန် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက တိုက်တွန်းနှိုးဆော်ထားသည်။
အလားတူ ဒီဇင်ဘာလ ၂၁ ရက်နေ့ကလည်း မုန်းမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ခလရ-၇၅ မှ စစ်မှုထမ်းတပ်သားသစ် ၃ ဦးဖြစ်သော အသက် ၂၇ နှစ်အရွယ် တပ်သား မောင်စိုင်းထက်ဝေ၊ အသက် ၂၃ နှစ်အရွယ် တပ်သား မောင်လင်းထက်မိုးနှင့် အသက် ၃၀ နှစ်အရွယ် မောင်သက်မောင် တို့ ၃ ဦးတို့သည် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) တပ်ရင်း ၈ ထံသို့ ချိတ်ဆက်ပြီး အလင်းဝင်ရောက်ခဲ့ကြောင်း၊ ထိုစစ်မှုထမ်း တပ်သားသစ် ၃ ဦးသည် အကြမ်းဖက် စစ်တပ်က အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းရန် ပေါ်တာဆွဲ ဖမ်းဆီးခံရသူများဖြစ်ကြောင်း သိရသည်။







