35 C
Yangon

ရန်ကုန်-ဒလတံတား အချောသတ်ပြီးစီးနေပြီဖြစ်သော်လည်း မင်းအောင်လှိုင်ကိုယ်တိုင် ဗေဒင်၊ အစီအမံ၊ယတြာများနှင့် ဖွင့်လှစ်မည့်အချိန် စောင့်ဆိုင်းနေ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၃

ရန်ကုန်မြို့နှင့်ဒလမြို့တို့ကို ချိတ်ဆက်တည်ဆောက်ပြီးစီးထားပြီးဖြစ်သော ရန်ကုန်-ဒလတံတားကို မင်းအောင် လှိုင်ကိုယ်တိုင် ဗေဒင်၊ အစီအမံ၊ ယတြာများနှင့် ဖွင့်လှစ်ရန် စီစဉ်နေကြောင်း နေပြည်တော်ထွေ/အုပ် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလအတွင်း ရန်ကုန်-ဒလတံတား အပြီးသတ် အချောသတ် ချိတ်ဆက်ခြင်း၊ စမ်းသပ်မောင်းနှင်ခြင်းများကို ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ အခမ်းအနားဖြင့် ဖွင့်လှစ်ရန်သာ ကျန်ရှိတော့ပြီး ဗေဒင်၊ ယတြာ အစီအမံများဖြင့် တံတားဖွင့်လှစ်မည့်နေ့ရက်နှင့်အချိန်ကို ရွေးချယ်ခြင်း၊ ဖွင့်ပွဲတွင် ပါဝင်ရမည့် နေ့နံများကို ရွေးချယ်ခြင်းများကို ဆောင်ရွက်နေကြောင်း သိရှိရသည်။

“တံတားက လူကြီးတွေ နေ့ကောင်းရက်သားရွေးနေတာပဲရှိတော့တယ်။ လုပ် ငန်းတွေ အကုန်ပြီးစီးသွားပြီ။ ဖွင့်မယ့်နေ့၊ ဖွင့်မယ့်ရက်၊ ပါဝင်ရမယ့် နေ့နံပုဂ္ဂိုလ်၊ ဖဲကြိုးအရောင်တွေ အဲဒါတွေက စောင့်ဆိုင်းရွေးချယ်နေတယ်။ ဖွင့်တာကတော့ အကြီးအကဲ( မင်းအောင်လှိုင်) ကိုယ်တိုင် ဖွင့်မယ်” ဟု နေပြည်တော် ထွေ/အုပ် သတင်းရင်းမြစ်က ပြောဆိုသည်။

အောက်တိုဘာလအတွင်း ရန်ကုန်-ဒလတံတား နောက်ဆုံးအဆင့်အခြေအနေကို အကြမ်းဖက် မင်းအောင်လှိုင်က လာရောက်ကြည့်ရှုခဲ့သည်။

ရန်ကုန်-ဒလ တံတားမှာ သံမဏိကြိုးဆိုင်း လေးလမ်းသွား တံတားကြီးဖြစ်ပြီး တန်ချိန် ၁၅၀၀၀ခန့်ရှိ သင်္ဘောကြီးများ ရေလမ်းကင်း လွတ်စွာ သွားလာနိုင်ရန် အမြင့်ပေ ၁၆၀ ခန့် နှင့် ရေလမ်းကင်းလွတ် အကျယ် ၅၂၅ပေ ထားရှိ ဆောက် လုပ်ခဲ့ကြောင်း၊ ယာဉ်တစ်စင်းချင်း ခံနိုင်ဝန်အားဖြင့် ၇၅ တန်ထိ ဖြစ်ကြောင်း၊ ကိုရီးယား ထုတ်ကုန်သွင်းကုန်ဘဏ်နှင့် မြန်မာနိုင်ငံဆောက်လုပ်ရေးဝန်ကြီး ဌာန တို့မှ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့ က ချေးငွေဆိုင်ရာ သဘောတူ စာချုပ်လက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဒလတံတားတည်ဆောက်ရေး အသေးစိတ်ဒီဇိုင်းကို ကိုရီးယားသမ္မတ နိုင်ငံ Soosoog Co.Ltd က ရေးဆွဲခဲ့ပြီး ကိုရီးယားပညာရှင်များပါဝင်သော ကိုရီးယား GS Engineering Group က အဓိက တာ၀န်ယူတည် ဆောက်ခဲ့ခြင်းဖြစ်သည်။

ကိုရီးယား-မြန်မာ ချစ်ကြည်ရေး(ဒလ)တံတားကို ကိုရီးယားနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးရေးရန်ပုံငွေ (EDCFI Loan) ချေးငွေ အမေရိကန်ဒေါ်လာ ၁၃၇ ဒဿမ ၈၃၃ သန်း၊ ပြည်တွင်းရန်ပုံငွေ ဒေါ်လာ ၃၀ ဒဿမ ၃၄၁ သန်း အပါ အဝင် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၈၈ သန်းကျော် အကုန်ကျခံပြီး တည်ဆောက်ခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။

မြန်မာ-ကိုရီးယားချစ်ကြည်ရေး(ဒလ)တံတားမှာ ပင်မတံတား အရှည် ၂၂၆၄ ပေ၊ ရန်ကုန်ဘက်ချဉ်းကပ်တံတား အရှည်မှာ ၁၈၉၁ ပေ၊ ဒလဘက်ကမ်း ချဉ်းကပ်တံတားအရှည်မှာ ၁၉၇၂ ပေ၊ ရန်ကုန် ဘက်ကမ်းနှင့် ဒလဘက်ကမ်းချဉ်းကပ် လမ်းအရှည်မှာ ၃၄၅၃ ပေဖြစ်ပြီး တံတားတစ်စင်း လုံး၏ စုစုပေါင်းအရှည်မှာ ၆၁၂၇ ပေ ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article