ရန်ကုန်၊ ဇန်နဝါရီ ၃
မူးယစ်မှောင်ခိုလုပ်ငန်းများ ပါဝင်ပတ်သက်နေသည်ဟု စွပ်စွဲခံနေရသော ဗင်နီဇွဲလားအစိုးရ နှင့် အမေရိကန်တို့အကြား တင်းမာမှုများ အမြင့်ဆုံးရောက်ရှိသွားပြီးနောက် ဗင်နီဇွဲလားနိုင်ငံ၏ မြို့တော်တွင် ယနေ့နံနက်အစောပိုင်း ပေါက်ကွဲမှုများစွာ ထွက်ပေါ်နေပြီး အမေရိကန်၏ တိုက် ခိုက်မှု ယူဆသုံးသပ်နေကြောင်း နိုင်ငံတကာသတင်းများတွင် ဖော်ပြထားသည်။
ယနေ့ နံနက် ၂ နာရီ ဝန်းကျင်အချိန် ဗင်နီဇွဲလားနိုင်ငံ၏ မြို့တော် ကာရာကတ်စ်မြို့တွင် ကျယ်လောင်သော ပေါက် ကွဲမှုများ၊ ထိတ်လန့် အော်ဟစ်သံများ ထွက်ပေါ်နေပြီး လူနာတင်ကားသံများလည်း ဆက်တိုက် သွားလာနေကြောင်း၊ အမေရိကန် လေ ယာဉ်ဟု ယူဆရသည့် လေယာဉ်များလည်း အနိမ့်ပျံသန်းနေကြောင်း ၊ဗင်နီဇွဲလားမြို့ တော် ကာရာကတ်စ်ကို ထိမှန်ခဲ့သည့် ပေါက် ကွဲမှုများ၏ ဗီဒီယိုမှတ်တမ်းများတွင် အော်ဟစ်သံများနှင့် မီးခိုးများ၊ မီးများ လောင်ကျွမ်း ထွက်ပေါ်နေသည်ကို တွေ့မြင်နေရကြောင်း နိုင်ငံတကာသတင်းများအရ သိရှိရသည်။
ဗင်နီဇွဲလားနိုင်ငံက လုပ်ဆောင်နေသော မူးယစ်ဆေးဝါးမှောင်ခိုမှုနှင့် ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က မြေပြင်တိုက်ခိုက်မှုများ ပြုလုပ်မည်ဟု မကြာသေးမီက သတိပေးထားပြီးနောက် အမေရိကန်နှင့် ဗင်နီဇွဲလားတို့အကြား တင်းမာမှုများ ရှိနေစဉ်အတွင်း ယခုဖြစ်ရပ် ပေါ်ပေါက်လာခြင်းဖြစ်သည်။
လက်ရှိဗင်နီဇွဲလားနိုင်ငံ၊ ကာရာကတ်စ်မြို့တွင် ပေါက်ကွဲသံများနှင့် လေယာဉ်များ နိမ့်နိမ့်ပျံသန်းသံများ ကြားရပြီးနောက် La Carlota လေဆိပ်တွင် မီးခိုးများ အူတက်နေကြောင်း သိရှိရသည်။
AFP သတင်းဌာန၏ သတင်းထောက်တစ်ဦး၏ ပြောကြားချက်အရ စနေနေ့ နံနက် ၂ နာရီဝန်းကျင်တွင် ကျယ်လောင်သော ပေါက်ကွဲသံများနှင့်အတူ လေယာဉ်များ ပျံသန်းသံနှင့်တူသော အသံများကို ကြားခဲ့ရသည်ဟု ဆိုသည်။
လူမှုကွန်ရက်ဆိုရှယ်မီဒီယာပေါ်တွင်လည်း ဗင်နီဇွဲလားမြို့တော်၌ ပေါက်ကွဲမှုများဖြစ်ပွားခဲ့သည့် ဗီဒီယိုရုပ်သံမှတ်တမ်းများစွာ ထွက်ပေါ်လျက်ရှိသည်။
လက်ရှိအချိန်အထိ အမေရိကန်အစိုးရဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိသေးပေ။







