30 C
Yangon

ရွှေကုက္ကိုလ်ကျားဖြန့်ဝင်းမှ ထွက်ပြေးလွတ်မြောက်လာသော လူကုန်ကူးခံရသူ တရုတ်နိုင်ငံသား Huang Cuilin ကို မြ၀တီမြို့နယ်ရဲစခန်းက Apollo ကျားဖြန့်ဝင်းသို့ ပြန်လည်ရောင်းစား၊ လူကုန်ကူးခံ တရုတ်နိုင်ငံသားက ကယ် တင်ပေးပါရန် အကူအညီတောင်း

Must read

ရန်ကုန်၊ ဇန်နဝါရီ ၃

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်းရှိ ရွှေကုက္ကိုလ်ကျားဖြန့်ဝင်းမှ ထွက်ပြေးလွတ်မြောက်လာသော လူကုန်ကူးခံရသူ တရုတ်နိုင်ငံသား Huang Cuilin ကို မြ၀တီမြို့နယ်ရဲစခန်းက Apollo ကျားဖြန့်ဝင်းသို့ ပြန်လည်ရောင်းစားလိုက်ကြောင်း ရောင်းစားခံရသူ တရုတ်နိုင်ငံသားက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ဆက်သွယ်ပြောဆိုသည်။

တရုတ်နိုင်ငံသား Huang Cuilin က ဝင်ငွေကောင်း သော အလုပ်ရရှိမည်ဆိုသဖြင့် ၂၀၂၃ ခုနှစ် မေလတွင် မြ၀တီမြို့နယ်သို့ ထိုင်းနိုင်ငံမှ တစ်ဆင့်ရောက်ရှိခဲ့ပြီး ရောင်းစားခံခဲ့ရကြောင်း၊ အဆိုပါနေရာတွင် နှစ်ချီ၍ အလုပ်လုပ်ခံရပြီး သတ်မှတ်ထားသော ငွေပမာဏ ရရှိအောင် မလိမ်လည်နိုင်ပါက ရိုက်နှက်ခံရခြင်း၊ အခန်းငယ်ထဲ ပိတ်လှောင်ခံရကြောင်း၊ တစ်နေ့လျှင် ထမင်းတစ်နပ်သာပေးပြီး အလွန်ရိုက်နှက်ကြောင်း ပြောဆိုသည်။

“တရုတ်ကုမ္ပဏီကိုပဲ ကျနော့်ကို ပြန်ရောင်းစားပါတယ်။ အဲဒီမှာ အလုပ်လုပ်နေတုန်း နှိပ်စက်ညှဉ်းပန်းမှုတွေ အများကြီး ခံခဲ့ရပါတယ်။ ရိုက်နှက်ခံရတယ်။ ရုပ်ပိုင်းဆိုင်ရာ အပြစ်ပေးခံရပြီး မှောင်မိုက်တဲ့ အခန်းငယ်လေးထဲမှာ သုံးရက်ကြာ ပိတ်လှောင်ခံခဲ့ရပြီး တစ်နေ့ကို ထမင်းတစ်နပ်ပဲ စားခဲ့ရပါတယ်” ဟု ၎င်းက ပြောဆိုသည်။

ထို့ကြောင့် ၂၀၂၄ ခုနှစ်အတွင်းကျားဖြန့်ကုမ္ပဏီဝင်းမှ ပထမအကြိမ် ထွက်ပြေးခဲ့သော်လည်း ထွက်ပြေးချိန် ဒဏ်ရာများ ရရှိခဲ့သောကြောင့် ဝေးဝေး မပြေးနိုင်ဘဲ ပြန်လည် ဖမ်းမိခဲ့ကြောင်း၊ ပြန်လည် ဖမ်းမိချိန်တွင်လည်း လူမဆန်စွာ ရိုက်နှက် ညှဉ်းပန်းနှိပ်စက်ခံရကြောင်း ၎င်းက ဆိုသည်။

ယင်းနောက် ၂၀၂၅ ခုနှစ် နိုဝင်ဘာလနှင့်ဒီဇင်ဘာလအတွင်း ရွှေကုက္ကိုလ်ကျားဖြန့်ဝင်းအတွင်း စစ်ဆင်ရေးများ ဝင်ရောက်လာချိန် တရုတ်ကုမ္ပဏီက ကျားဖြန့်လုပ်သားများကို နေရာရွှေ့ပြောင်းခဲ့ကြောင်း၊ ယင်းနေရာမှာ တောင်ပေါ်မှ ဘုရားကျောင်းကဲ့သို့ အဆောက်အအုံကြီးဖြစ်ကြောင်း၊ ယင်းနေရာမှ ထွက်ပြေးလာခဲ့ပြီး လမ်းတွင် မြန်မာအမျိုးသမီး ၂ ဦးကို အကူအညီတောင်းခဲ့ကြောင်း၊ အဆိုပါ အမျိုးသမီး ၂ ဦး၏ အကူအညီဖြင့် မြ၀တီမြို့နယ်ရဲစခန်းသို့ ရောက်ရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

မြ၀တီမြို့နယ်ရဲစခန်းသို့ ရောက်ရှိချိန် မြို့နယ်ရဲမှူး ဆိုသူနှင့် စကားပြောခဲ့ပြီး ရန်ကုန်ရှိ တရုတ်သံရုံးကို သတင်း ပို့ပေးပါရန်နှင့် တရုတ်နိုင်ငံသို့ ပြန်လိုကြောင်း ပြောဆိုခဲ့ကြောင်း၊ မြို့နယ်ရဲမှူးက အထက်သို့ တင်ပြပေးမည်ဆိုကာ လက်နက်ကိုင်အဖွဲ့တစ်ခုက ညပိုင်းတွင် ကားဖြင့် လာရောက်ခေါ်ဆောင်သွားကြောင်း၊ ယင်းနောက် Apollo ကျားဖြန့်ဝင်းသို့ ပို့ဆောင်ခံရကြောင်း၊ အဆိုပါကျားဖြန့်ဝင်းမှ တရုတ်ပိုင်ကုမ္ပဏီက မြို့နယ်ရဲစခန်းက ရောင်းစားလိုက်ကြောင်း ၎င်းကို အသိပေးလာကြောင်း ၎င်းက ဆိုသည်။

မြ၀တီရဲစခန်းက ဒုရဲမှူးက ကျနော့်ကို စခန်းရောက်ပြီး ၃ နာရီအတွင်းမှာပဲ ပြန်ရောင်းစားတယ်။ အခု တရုတ်သရုပ်ဆောင် Wang Xing ပြန်ပေးဆွဲခံရတဲ့ ကုမ္ပဏီဖြစ်တဲ့ Apollo Scam Company မှာ ကျနော်ရှိပါတယ်။ သူတို့ ကျွန်တော့်ကို ဘယ်လောက်နဲ့ ရောင်းချခဲ့လဲဆိုတာ ကျွန်တော် မသိပါဘူး။ ကျွန်တော် Apollo Scam ကုမ္ပဏီမှာ တတိယမြောက်နေ့မှာ စတင်အလုပ်လုပ်ခဲ့ပါတယ်။ ကျွန်တော် တစ်နေ့ကို ၁၄ နာရီ အလုပ်လုပ်ပြီး အလုပ်ခွင်မှာ ထမင်းစားခဲ့ပါတယ်။ သူတို့က ကျွန်တော့်ကို အရမ်းတင်းကျပ်ပါတယ်။ သူတို့က ကျွန်တော့်ကို ၂ လ အချိန်ပေးမယ်လို့ သတိပေးပါတယ်။ လိမ်လည်ရမယ့် သတ်မှတ်ပမာဏ တာဝန်တွေကို ကျွန်တော် မပြီးမြောက်ရင် ကျွန်တော့်ကို ရောင်းစားမယ်လို့လည်း ပြောပါတယ်။ ကျွန်တော့်ကို ကူညီပါ။ ရန်ကုန်မှာရှိတဲ့ တရုတ်သံရုံးကို အကြောင်းကြားပေးပါ။ တရုတ်ပြည်မှာရှိတဲ့ ကျွန်တော့်မိသားစုကို အကြောင်းကြားပေးပါ” ဟု လူကုန်ကူးခံထားရသော တရုတ်နိုင်ငံသား Huang Cuilin က ပြောဆိုသည်။

(တရုတ်နိုင်ငံသား၏ မှတ်ပုံတင်၊ နေရပ်လိပ်စာများ ပါဝင်သော တရုတ်နိုင်ငံသားစိစစ်ရေးကို ရန်ကုန်ခေတ်သစ်၏ တယ်လီဂရမ်တွင် ဖော်ပြထားပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article