28 C
Yangon

ကျိုက်ထိုမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံးပြီး ၂ ဦးအလင်းဝင်၊ စစ်တပ် ပစ်ခတ်သော လက်နက်ကြီးထိမှန်၍ ပြည်သူ ၁ ဦး သေဆုံး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၃

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံးပြီး ၂ ဦးအလင်းဝင်၊ စစ်တပ် ပစ်ခတ်သော လက်နက်ကြီးထိမှန်၍ ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း Southern Eagle PDF မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ အတွင်းကျင်းပပြုလုပ်မည့် အတုအယောင် ရွှေးကောက်ပွဲကို လုံခြုံရေးပေးရန် စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်၏ တပ်မ ၄၄ လက်အောက်ခံ ခမရ ၃ တပ်ရင်းမှ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးဦးဆောင်လာသည့် အင်အား ၁၀၂ ဦးပါ စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက နံနက် ၉ နာရီ ၄၁ မိနစ်မှ စတင်ကာ ကြားဖြတ် တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲ ၉ ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၁၀ ဦး ထက်မနည်းသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အထိနာခဲ့သော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပြန်လည် သိမ်ဇရပ်မြို့ဘက်ကို ပြန်လည် ဆုတ်ခွာသွားကြောင်း သိရှိရသည်။

ထို့ပြင် တိုက်ပွဲအတွင်း အကြမ်းဖက် စစ်သားများက အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးထားသော စစ်မှုထမ်း တပ်သားသစ် ၂ ဦးသည်လည်း MA-1 သေနတ် ၂ လက်နှင့် ခဲယမ်းတချို့ ယူဆောင်လာပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များထံ အလင်းဝင်ရောက်လာခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားရာ နေရာကို အမတ ၃၁၀ တပ်ရင်းက လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့သောကြောင့် ကျိုက်ထိုမြို့နယ် ဂွေ့ကြီးရွာရှိ ဈေးသည် အမျိုးသမီး ၁ ဦးကို လက်နက်ကြီးကျည် ထိမှန်‌ခဲ့ပြီး သေဆုံးခဲ့ကြောင်း သိရှိသည်။

“စစ်ခွေး သေစာရင်းက ထပ်တိုးသေဆုံးတာမျိုးရှိနိုင်တယ်။ အထိအခိုက်ကတော့ ဒီကောင်တွေများသွားတယ်။ စစ်ခွေးဘက်က ခမရ ၃ ဘက်ကို ပြန်ဆုတ်သွားတာဖြစ်နိုင်တယ်။ အလင်းဝင်ရောက်လာတဲ့သူ ၂ ဦးက လည်း တပ်မ ၄၄ လက်အောက်ခံ ခမရ ၃ တပ်ရင်းကပါ”ဟု Southern Eagle PDF မှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၁ စစ်ဆင်ရေးနယ်မြေ ၊ အထူးတိုင်းစစ်ဌာန ၊နည်းဗျူဟာ(၃၆) ကွပ်ကဲမှုအောက်ရှိ Southern Eagle PDF တပ်ရင်း၊ ပူးပေါင်းမဟာမိတ် KNLA နှင့် ဒေသ ကာကွယ်ရေး တပ်ဖွဲ့များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်သည် ပြည်သူများရှိရာ နေရာများကို လက်နက်ကြီးများဖြင့် နေ့စဉ် ပစ်ခတ် တိုက်ခိုက်နေသောကြောင့် လုံခြုံစိတ်ချရသော နေရာတွင် နေထိုင်ကြရန် Southern Eagle PDF က မေတ္တာရပ်ခံ တိုက်တွန်းပြောဆိုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article