ရန်ကုန်၊ ဇန်နဝါရီ ၄
အမေရိကန်အစိုးရက ဗင်နီဇွဲလား သမ္မတနီကိုလပ်စ် မာဒူရိုနှင့်ဇနီး မူးယစ်မှောင်ခိုမှုများနှင့်ဆက်စပ်၍ အမေရိကန်ဝင်ရောက်ဖမ်းဆီးကဲ့သို့ ကျားဖြန့်၊ မူးယစ်ဆေးဝါးနှင့်စစ်ရာဇဝတ်မှုများ ကျူးလွန်နေသူ မင်းအောင်လှိုင်ကိုလည်း ဝင်ရောက်ဖမ်းဆီးမှုမျိုး မြန်မာပြည်သူများ လိုလားကြောင်း လူမှုကွန်ရက်များတွင် မြန်မာပြည်သူအများစုက ထုတ်ဖော်ရေးသားနေကြသည်။
ဇန်နဝါရီလ ၃ ရက်နေ့ နံနက် ၂ နာရီအချိန် ဗင်နီဇွဲလားနိုင်ငံ၏ မြို့တော်၊ ကာရာကတ်စ်မြို့သို့ အမေရိကန်အထူးတပ်ဖွဲ့များက ဝင်ရောက်ခဲ့ပြီး ဗင်နီဇွဲလားသမ္မတနှင့်ဇနီးကို မူးယစ်မှောင်ခိုမှုများနှင့်ဆက်စပ်၍ ဖမ်းဆီးကာ လေယာဥ်ဖြင့် အမေရိကန်သို့ ခေါ်ယူခဲ့ခြင်းဖြစ်သည်။
အဆိုပါ သတင်းထွက်ပေါ်လာပြီးနောက် မြန်မာပြည်သူများ၏ လူမှုကွန်ရက်စာမျက်နှာများတွင်လည်းကောင်း၊ ဗင်နီဇွဲလားသမ္မတကို အမေရိကန်က ဖမ်းဆီးလိုက်ပြီဆိုသော သတင်းများအောက်တွင်လည်းကောင်း မြန်မာပြည်သူများက မင်းအောင်လှိုင်နှင့်ဇနီးကို လည်း ကျားဖြန့်မှု၊ မူးယစ်ဆေးဝါးမှု၊ စစ်ရာဇဝတ်ကျူးလွန်မှုများဖြင့် ဖမ်းဆီးပေးရန် အမြင်သဘောထားမှတ်ချက် ထောင်ပေါင်းများစွာကို ရေးသားနေကြခြင်းဖြစ်သည်။
Autumn Oo ဆိုသော လူမှုကွန်ရက်အကောင့်ပိုင်ရှင်က အမေရိကန်သမ္မတထရမ့်အနေဖြင့် မြန်မာပြည်သူများကို ကူညီရန် အကူအညီတောင်းလိုကြောင်း၊ မင်းအောင်လှိုင်ကို ဖမ်းဆီးပေးပါက မြန်မာပြည်မှ အဖိုးတန်ရတနာများနှင့် သဘာ၀သယံဇာတများကို ပေးမည်ဖြစ်ကြောင်း၊ ယခုလည်း မြန်မာပြည်၏ အဖိုးတန်ရတနာများအားလုံး တရုတ်လက်အောက်သို့ ကျရောက်နေကြောင်း ထုတ်ဖော်ရေးသားထားသည်။
“ထရမ့်ရယ်။ ငါတို့လည်း ကူညီပါဦး။ အဲ(မင်းအောင်လှိုင်)ကောင်ကို ဖမ်းပေးမယ်ဆိုရင် မင်းကို မြန်မာပြည်ကြီး ပေးပါ့မယ်။ စိလုတ် လက်အောက် ရောက်၊ စီလုတ်ရဲ့ လူ မဆန်တဲ့ ကျင့်ဝတ်နဲ့ စာရင်အများကြီး သာပါတယ်”ဟု Autumn Oo အကောင့်ပိုင်ရှင်က ရေးသားထားသည်။
အလားတူ ကျော်ကျော်ဦးဆိုသော အကောင့်ပိုင်ရှင်ကလည်း မြန်မာနိုင်ငံမှာ ကမ္ဘာ့ပြဿနာပေါင်းစုံ၏ အချက် အချာ ဖြစ်လာကြောင်း၊ အထူးသဖြင့် အမေရိကန်နိုင်ငံသားများကို ထိခိုက်စေသည့် ကျားဖြန့် လုပ်ငန်းများ အခြေ တည်သည့် နေရာဖြစ်လာသည့်အပြင် ကမ္ဘာပေါ်တွင်လည်း ဘိန်းစိုက်ပျိုးမှု အများဆုံးဖြင့် မူးယစ်ဆေးဝါး အများဆုံး ထုတ်လုပ်နေကြောင်း၊ ဘိန်းဖြူနှင့် WY ကဲ့သို့သော စိတ်ကြွရူးသွပ်ဆေးပြားများကို တန်ချိန် သန်းပေါင်းများစွာ ထုတ်လုပ်နေသည့် နိုင်ငံဖြစ်ကြောင်း၊ ယင်းသို့ ဖြစ်အောင်အဓိက လုပ်ဆောင်နေသူမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဖြစ်ကြောင်း၊ ထို့ကြောင့် ကမ္ဘာတွင် ကျားဖြန့် လိမ်လည်မှုများပပျောက်ရေးနှင့် ဘိန်းဖြူ၊ စိတ်ကြွမူးယစ်ဆေးပြားများ ကင်းစင်ရေး စစ်ရာဇဝတ်မှုများ ကျူလွန်နေသော စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စစ်ဗိုလ်ချုပ်များကို အမေရိကန်က ဖမ်းဆီးသင့်ကြောင်း ရေးသားထားသည်။
“အမေရိကန်ကို ပစ်မှတ်ထား လိမ်လည်နေတဲ့ ကျားဖြန့်ဂိုဏ်းတွေက မြန်မာပြည်မှာ အခြေတည် ကြီးထွားနေတာ။ အမေရိကန်ကို တင်ပို့နေတဲ့ ဘိန်းဖြူနဲ့ စိတ်ကြွမူးယစ်ဆေးပြားတွေကလည်း မြန်မာပြည်မှာပဲ ထုတ်လုပ်နေတာ။ ဒါ့အပြင် စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ပြီး တရုတ်၊ ရုရှားနဲ့ပူးပေါင်းနေတာလည်း မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ပဲမို့ သူ့ကို လာဖမ်းစေချင်တယ်။ အဲဒီလို လာဖမ်းရင် မြန်မာပြည်က မြေရှားတွေအကုန် အမေရိကန် ထာ၀ရ ပိုင်ဆိုင် ရယူလိုက်ပါတယ်” ဟု ကျော်ကျော်ဦး အကောင့်ပိုင်ရှင်က ဆိုသည်။
ရခိုင်စာရေးဆရာဝေဟင်အောင်ကလည်း မင်းအောင်လှိုင်ကိုလည်း ဗင်နီဇွဲလား သမ္မတကဲ့သို့ ဖမ်းဆီးမှုမျိုးကို မျှော်လင့်နေသော မြန်မာပြည်သူများစွာရှိနေကြောင်း ဖေ့ဘုတ်စ် လူမှုကွန်ရက်တွင် အမြင်ထုတ်ဖော်ရေးသားထားသည်။
“အမှန်ပြောရရင် ဗင်နီဇွဲလားသမ္မတ မာဒူရိုကို ဖမ်းသလိုမျိုး မအလ ကြီးကိုလည်း အဲဒီလိုမျိုး ဖမ်းသွားစေချင်ရုံပါ။ ကြိတ်မျှော်ကြတာ ကျွန်တော်တစ်ယောက်တည်း မဟုတ်လောက်ဘူးနော်”ဟု ရခိုင်တိုင်းရင်းသား စာရေးဆရာ ဝေဟင်အောင်က ရေးသားထားသည်။
လက်ရှိတွင် အမေရိကန်အထူးတပ်ဖွဲ့က ဗင်နီဇွဲလား ခေါင်းဆောင် သမ္မတနှင့် ဇနီးကို အမေရိကန်မြေသို့ ခေါ်ဆောင်လာပြီး အမေရိကန်တွင် တရားစီရင်မည်ဖြစ်ကြောင်း၊ ဗင်နီဇွဲလားနိုင်ငံကို အမေရိကန် ယာယီ အုပ်ချုပ်မှု လုပ်ဆောင်သွားမည်ဖြစ်ပြီး အစိုးရအပြောင်းအလဲ စီစဉ်သွားမည်ဖြစ်ကြောင်း၊ ဗင်နီဇွဲလား၏ ရေနံတွင်းများကိုလည်း အမေရိကန်က စီမံခန့်ခွဲသွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ထရမ့်က သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောဆိုထားသည်။
အမေရိကန်က ဗင်နီဇွဲလားသမ္မတ နီကိုလတ်စ်မာဒူရိုနှင့် ၎င်း၏ဇနီးကို ဖမ်းဆီးခေါ်ဆောင်သွားသည့်အပေါ် အလွန် အံ့အားသင်မိပြီး အချုပ်အချာအာဏာပိုင် နိုင်ငံတစ်ခုအပေါ် အင်အားသုံးလုပ်ဆောင်ချက်ကို အပြင်း အထန်ရှုတ်ချကြောင်း တရုတ်အစိုးရက ဇန်နဝါရီလ ၃ ရက်နေ့ ညပိုင်းတွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ဗင်နီဇွဲလားသမ္မတကို အမေရိကန်က ဝင်ရောက် ဖမ်းဆီးမှု မလုပ်ခင်အချိန် နာရီပိုင်းအလိုတွင် တရုတ်အစိုးရ ၏ကိုယ်စားလှယ်အဖွဲ့က ဗင်နီဇွဲလားသမ္မတကို သွားရောက်တွေ့ဆုံကာ ဗင်နီဇွဲလားနှင့်အတူ ရပ်တည်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
ဗင်နီဇွဲလား သမ္မတမှာ အာဏာရှင်တစ်ဦးဖြစ်ပြီး အတိုက်အခံများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ မဲလိမ်မဲခိုးမှုများ လုပ်ဆောင်ခြင်း၊ ၎င်းကို ဆန့်ကျင်သော လူငယ်လူရွယ်များကို လက်စဖျောက်ခြင်း၊ ကမ္ဘာပေါ်တွင် ရေနံပေါကြွယ်၀ဆုံးသော နိုင်ငံကို အဆင်းရဲဆုံးနိုင်ငံအဖြစ် ရောက်ရှိစေခြင်း၊ လာဘ်ပေးလာဘ်ယူမှုများနှင့် အကျင့်ပျက်ခြစားခြင်း စသည့် အာဏာရှင်လုပ်ရပ်များဖြင့် တိုင်းပြည်ကို အုပ်ချုပ်နေသူတစ်ဦးဖြစ်သည်။




