27 C
Yangon

အုတ်ဖိုမြို့နယ်ရှိ ဝိုင်းရွာရဲစခန်းနှင့် တနင်္သာရီမြို့နယ်ရှိ ကျေးရွာများတွင် တပ်စွဲထားသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၄

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်ရှိ ဝိုင်းရွာရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်မှုရှိကြောင်း သာယာဝတီခရိုင် တိုင်းစစ်ဘက်ရေးရာ တာဝန်ခံ ရဲဘော်သစ္စာက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇန်နဝါရီလ ၄ ရက်နေ့ ညနေ ၄ နာရီ ၁၁ မိနစ်ခန့်တွင် အုတ်ဖိုမြို့နယ်၊ ဝိုင်းရွာရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“စစ်ခွေးတွေ သေဆုံးမှု စာရင်းကိုတော့ ကျနော်တို့ အတည်မပြုနိုင်သေးဘူး။ ရဲဘော်တွေတော့ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု သာယာဝတီခရိုင် တိုင်းစစ်ဘက်ရေးရာ တာဝန်ခံ ရဲဘော်သစ္စာက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ဗျူဟာ ၂၂ ကွပ်ကဲမှုအောက်ရှိ ၃၈၀၂ တပ်ခွဲ ၁ ၊ ဇီးကုန်း (ပကဖ) ၊ ၃၈၀၁ Yoma GBK (ခွဲ ၁ ၊ ခွဲ၅) ၊ BTZM ၊ သာယာဝတီခရိုင် တိုက်ခိုက်ရေး အမှတ် ၁ တပ်ခွဲ ၃ မိုးညို (ပကဖ) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အလားတူ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာများတွင် အထိုင်ချတပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း တောင်ပံနီ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ဒီဇင်ဘာလ ၁၂ ရက်နေ့ နှင့် ဒီဇင်ဘာလ ၂၅ ရက်နေ့တို့တွင် တနင်္သာရီမြို့နယ်၊ တမုတ်ချုံးရွာ နှင့် သစ်တစ်ပင်ရွာ အဝင်လမ်းဝတွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေး ရဲဘော်များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုထိတွေ့တိုက်ပွဲတွင် အကြမ်းဖက် စစ်တပ်ဘက် စစ်သား ၂ ဦး ပြင်းထန်ဒဏ်ရာရှိခဲ့ပြီး ဆေကုသမှုခံယူစဉ် သေဆုံးသွားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို တနင်္သာရီမြို့နယ်(ပကဖ)ဇုန်၄တပ်ဖွဲ့မှ ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ တော်လှန်ရေး ရဲဘော်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ တနင်္သာရီမြို့နယ်အတွင်း ဖြစ်ပေါ်နေသော စစ်ရေးအခြေအနေများအရ ဒေသပြည်သူများ၊ ခရီးသွားပြည်သူများအနေဖြင့် သတိရှိစွာသွားလာနေထိုင်ပေးကြရန် တော်လှန်ရေး တပ်ဖွဲ့များ သတိပေးနှိုးဆော်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article