စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ နဘတ်ရွာကို အကြမ်းဖက် စစ်တပ်က Gyrocopter ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး နေအိမ်များပျက်စီးခဲ့ကြောင်း ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဇန်နဝါရီလ ၅ ရက်နေ့ နံနက်ပိုင်းတွင် မြောင်မြို့နယ်၊ နဘတ်ရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မုံရွာမြို့ နမခ မှ တက်လာသော Gyrocopter ၃ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ကျေးရွာအတွင်းရှိ နေအိမ်ပေါ် ဗုံးကျရောက် ပေါက်ကွဲခဲ့သောကြောင့် နေအိမ်အတွင်း အမျိုးသမီး ၁ ဦး ခါးပြတ်ထွက်၍ သေဆုံးခဲ့ပြီး အနီးအနားရှိ ပြည်သူ ၁ ဦးလည်း သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း၊ ထို့ပြင် ကျေးရွာအတွင်းရှိ နေအိမ်များလည်း ပျက်စီးခဲ့ကြောင်း သိရှိရသည်။
“မြောက်နယ် နဘတ်ရွာကို စစ်ခွေးတွေ တိုက်ပွဲဖြစ်ပွားတာမရှိဘဲနဲ့ Gyrocopter ၃ စီးနဲ့ ဗုံးကျဲ တိုက်ခိုက်သွားတာ ပြည်သူ ၂ ဦးကတော့ ပွဲချင်းပြီး သေဆုံးပါတယ်။ ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်းရှိတယ်။ ဗုံးက နေအိမ်ပေါ် တည့်တည့်ကျတာ မိန်းကလေး ၁ ဦးကတော့ ခါးပြတ်ပြီး ပွဲချင်းပြီး သေဆုံးတယ်လို့ သိရတယ်” ဟု ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။
ထိုသို့ အကြမ်းဖက် စစ်တပ်က ဗုံးကျဲ တိုက်ခိုက်ခြင်းသည် ရေစကြိုမြို့နယ် ၊ ရှစ်အိမ်တန်း ရွာဘက် မြစ်ဆိပ်ဘေးရောက်ရှိနေသော အင်အား ၁၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မြောင်မြို့နယ်၊ နနွင်းကိုင်းကျေးရွာဘက်မှ ကျောက်ရစ် ရဲစခန်းဘက်သို့ ဝင်ရောက်နိုင်ရန် အကာအကွယ်ပေးသည့်အနေဖြင့် တိုက်ခိုက်ခြင်းဖြစ်နိုင်ကြောင်း ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ဆက်လက် ပြောဆိုသည်။
အလားတူ အဆိုပါ နဘတ်ရွာကို အကြမ်းဖက် စစ်တပ်က ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့ကလည်း ရေစ ကြိုမြို့ပေါ်မှ အကြမ်းဖက် စစ်တပ်က ဟောင်ဝှစ်ဇာလက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ ၄ ဦး လက်နက်ကြီးကျည်စထိမှန်ကာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – မြောင်မြို့နယ်အတွင်း စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ပျက်စီးသွားသော နေအိမ်များ (ပုံအဟောင်းဖြစ်သည်)




