မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် အထိုင်စခန်းကို စစ်ကူလာသော စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၄ ဦးသေဆုံးပြီး ကား ၁ စီး ပျက်စီးခဲ့ကြောင်း Myingyan Twenty one Guerilla Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် မြင်းခြံမြို့ အမှတ် ၁၈ ရပ်ကွက် စစ်တပ်အထိုင်စခန်းကို စစ်ကူလာသော စစ်သားများကို တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၄ ဦးသေဆုံးကာ ကား ၁ စီးပျက်စီးခဲ့ကြောင်း၊ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
“ကျနော်တို့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတာမရှိပါဘူး။ အဲတိုက်ခိုက်မှုမှာ စစ်ခွေး ၄ ကောင်သေပြီး ကား ၁ စီးကို ဖျက်ဆီးနိုင်ခဲ့ပါတယ်။ တိုက်ပွဲဖြစ်နေတုန်း စစ်ကူ စစ်ခွေးတွေ ထပ်ရောက်လာလို့ ကျနော်တို့ ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်” ဟု Myingyan Twenty one Guerilla Force အဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို Myingyan 21 Guerilla Force-MTGF ၊ မြင်းခြံခရိုင်တပ်ရင်း(၂) ၊ တပ်ခွဲ (၂) တပ်ခွဲ (၃) မြင်းခြံခရိုင် တပ်ရင်း (၁) ၊ မြင်းခြံခရိုင် တပ်ရင်း (၇) နှင့်အတူ ပူးပေါင်း မဟာမိတ်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ မြင်းခြံမြို့နယ် အတွင်းရှိ တော်လှန်ရေး တပ်ဖွဲ့များက ဒီဇင်ဘာလ ၂၁ ရက်၊ ၂၇ ရက်နှင့် ၃၁ ရက်နေ့တို့တွင် မြင်းခြုံမြို့ပေါ်ရှိ ဇီးခြံပြည်သူ့စစ်ဂိတ်၊ မြင်းခြံမြို့ အမှတ် ၂၀ ရပ်ကွက်ရှိ စစ်တပ်၊ မြို့ပေါ်မှ ထွက်လာသော စစ်ကြောင်းနှင့် မြင်းခြံမြို့ အမှတ် ၁၅ ရပ်ကွက်ရှိ စစ်တပ်တို့ကို ဝင်ရောက် တိုက်ခိုက်ရာ အရာရှိ ၃ ဦး အပါအဝင် စစ်သား ၁၇ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။
ဓာတ်ပုံ – စစ်ကား ၁ စီးကို တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်နေစဉ် (ပုံအဟောင်းဖြစ်သည်)




