25 C
Yangon

BGF မှ ဘက်တံဆိပ်ပြောင်းသွားသော KNA တပ်များမှာ ယုံကြည် မရနိုင်သောကြောင့် အရှေ့တောင်တိုင်းစစ် ဌာနချုပ်က လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များအနေဖြင့် စစ်ရေးနှင့်လုံခြုံရေး အထူးသတိရှိကြရန် ညွှန်ကြားချက်ထုတ်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၆

ကရင်နယ်ခြားစောင့်တပ်(BGF) များမှ ကရင်အမျိုးသားတပ်မတော်(KNA) သို့ ဘက်တံဆိပ်ပြောင်းလဲသွားပြီးနောက် ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်သော KNA တပ်များမှာ ယုံကြည်၍ မရနိုင်သဖြင့် စစ်ရေးနှင့်လုံခြုံရေး အထူးသတိ ပြုကြရန် အရှေ့တောင်တိုင်းစစ်ဌာနချုပ်က လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များသို့ ညွှန်ကြားလာကြောင်း စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁ ရက်နေ့ BGF တပ်တချို့ က KNA သို့ ဘက်တံဆိပ်ပြောင်းသွားပြီးနောက် BGF တပ်ရင်းတပ်ဖွဲ့များတွင် တွဲဖက်ထားသော စစ်တပ်အရာရှိများ၊ စစ်သည်များနှင့် မိသားစုဝင်များအားလုံးကို ဇန်နဝါရီလ ၂ ရက်နေ့တွင် ပြန် လည်ခေါ်ယူခဲ့ကြောင်း၊ ယင်းအပြင် KNA ဘက်တံဆိပ်ပြောင်းသွားသော BGF တပ်များနှင့် ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားလာနိုင်သဖြင့် စစ်ရေးနှင့်လုံခြုံရေး အထူးသတိပြုကြရန် အရှေ့တောင်တိုင်းစစ်ဌာနချုပ်က ညွှန်ကြားလာကြောင်း သိရှိရသည်။

“ဘားအံ၊ မြ၀တီ၊ မော်လမြိုင်၊ သထုံ၊ ကော့ကရိတ်တပ်နယ်မှာ ရှိနေတဲ့ တပ် ရင်းတပ်ဖွဲ့တွေနဲ့ စခန်းတွေအားလုံး စစ်ရေးနဲ့ လုံခြုံရေး အထူးသတိရှိကြဖို့ ဇန်နဝါရီလ ၃ ရက်နေ့မှာ ညွှန်ကြားချက်ထွက်တယ်။ အဓိက KNA ဘက်တံဆိပ်ပြောင်းလဲသွားတာကြောင့် ပိုပြီး စစ်ရေးနဲ့လုံခြုံရေး သတိထားကြဖို့ပါတယ်။ သဘောကတော့ ယုံကြည်မှုမရှိဘူးဆိုတဲ့သဘောပဲ” ဟု စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

ယင်းအပြင် KNA ဘက်တံဆိပ်ပြောင်း တပ်များနှင့်အနီးစပ်ဆုံးရှိနေသောသင်္ဃန်း ညီနောင်ဗျူဟာ၊ ခလရ ၂၇၅ တပ်ရင်းနှင့် မြ၀တီမြို့နယ်တို့ရှိ တပ်ရင်းတပ်ဖွဲ့များကိုလည်း လုံခြုံရေး အမြင့်ဆုံးထားရှိရေး ညွှန်ကြားသည့်အပြင် ထူးခြားအခြေအနေများ ရှိလာပါက အရှေ့တောင်တိုင်းစစ်ဌာနချုပ်သို့ အချိန်မဆိုင်းဘဲ တိုက်ရိုက်အစီရင်ခံ တင်ပြရန်လည်း ညွှန်ကြားထားကြောင်း သိရှိရသည်။

လတ်တလော BGF တပ်နယ် ၃ နှင့် တပ်နယ် ၂ လက်အောက်ခံ BGF တပ်ရင်း ၁၀၁၆၊ ၁၀၁၇၊ ၁၀၁၈၊ ၁၀၁၉၊ ၁၀၂၀ တပ်ရင်းများအပါအဝင် BGF တပ်ရင်းများတွင် တွဲဖက်ထားသော စစ်အရာရှိများနှင့်စစ်သည်မိသားစုဝင်များအားလုံးကို စစ်တပ်က ပြန်လည် ခေါ်ယူရာတွင် တပ်မိသားစုဝင်များအားလုံးကို ဘားအံနှင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ်တို့သို့ ပြန်ခေါ်ယူကြောင်း၊ စစ်အရာရှိများနှင့်စစ်သည်များကိုမူ ရှေ့တန်းတပ်ရင်းတပ်ဖွဲ့များသို့ စစ်မြေပြင်တာဝန်များဖြင့် ပြန်လည်ပို့ဆောင်နေကြောင်း သိရှိရသည်။

“တပ်မိသားစုဝင်တွေအားလုံးကို ဘားအံနဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ကို ပြန်ပို့တယ်။ စစ်သည်နဲ့ တပ်မတော်အရာရှိတွေကိုတော့ တပ်ရင်းတွေဆီကို ပို့တယ်” ဟု စစ်ဘက်သတင်းရင်းမြစ်က ရှင်းပြသည်။

BGF တပ်တချို့က KNA ဘက်တံဆိပ်ပြောင်းလဲသော်လည်း ဘက်တံဆိပ်မပြောင်းဘဲ စစ်တပ်လက် အောက်တွင် စစ်ယူနီဖောင်းပြောင်းလဲဝတ်ဆင်မည့် BGF တပ်တချို့လည်းရှိနေပြီး BGF တပ်နယ် ၁ နှင့် တပ်နယ် ၄ မှာ ဘက်တံဆိပ် မပြောင်းလဲသေးကြောင်း၊ အဆိုပါ ဘက်တံဆိပ်မပြောင်းသည့် BGF တပ်များမှာ စစ်တပ်နှင့်တိုက်ရိုက်ချိတ်ဆက်နေကြကြောင်း သိရှိရသည်။

BGF တပ်ဖွဲ့များကို ၂၀၁၀-၂၀၁၁ ခုနှစ်အတွင်း ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အတွင်း တပ်နယ် ၄ ခု ၊ တပ်ရင်း ၁၃ ရင်းဖြင့် စစ်တပ်က ဖွဲ့စည်းထူထောင်ပေးခဲ့ခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article