ရန်ကုန်၊ ဇန်နဝါရီ ၆
စစ်ကိုင်းတိုင်း၊ ဝန်းသို့မြို့ရှိ စစ်တပ်တပ်ရင်းများနှင့် တပ်စခန်းများကို တိုက်ခိုက်မည်ဖြစ်သောကြောင့် ပြည်သူ များအနေဖြင့် ၄ ရက်အတွင်း မြို့မှ ထွက်ခွာပေးကြရန် ပန်ကြားပါကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသ၊ ကောလင်းခရိုင် အမှတ် ၄ တပ်ရင်း၏ ပြောရေးဆိုခွင့်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဇန်နဝါရီလ ၆ ရက်နေ့မှ စတင်၍ ဇန်နဝါရီလ ၉ ရက်နေ့ နောက်ဆုံးထားကာ ဝန်းသိုမြို့တွင် နေထိုင်ကြသော ပြည်သူများအနေဖြင့် မြို့အတွင်းမှ ထွက်ခွာပေးနိုင်ပါရန် အသိပေးအပ်ပါကြောင်း၊ တော်လှန်ရေးတပ်များအနေဖြင့် ဝန်းသိုမြို့ရှိ စစ်တပ်တပ်စခန်းများနှင့် တပ်ရင်းများကို တိုက်ခိုက်မည်ဖြစ်ကြောင်း၊ စစ်ကော်မရှင်က ပြည်သူများကို လူသားဒိုင်းအဖြစ် အသုံးပြု မခံရစေရန် ပန်ကြားခြင်းဖြစ်ကြောင်း သိရှိရသည်။
“ဒီနေ့ကစပြီး ဇန်နဝါရီလ ၉ ရက်နေ့ နောက်ဆုံးထားပြီးတော့ ပြည်သူတွေအနေနဲ့ မြို့ကနေ ထွက်ခွာပေးဖို့ပါ။
အခြား သောမြို့များနည်းတူ စစ်ကော်မရှင်က ပြည်သူတွေကို လူသားဒိုင်းအဖြစ် အသုံးပြုမခံရစေဖို့ ရည်ရွယ်ထုတ်ပြန်တာပါ”ဟု အမှတ် ၁ စစ်ဒေသ၊ ကောလင်းခရိုင် အမှတ် ၄ တပ်ရင်း၏ ပြောရေးဆိုခွင့်ရှိသူက ပြောဆိုသည်။
ဝန်းသိုမြို့တွင် စစ်တပ်၏ ခမရ ၁၂၀ တပ်ရင်းနှင့် ခမရ ၁၁၁ တပ်ရင်းတို့ရှိနေပြီး ယင်းတပ်ရင်းများကို တိုက်ခိုက်ရာတွင် ပြည်သူများကို ငဲ့ကွက်သဖြင့် ယခုကဲ့သို့ ကြိုတင် ထုတ်ပြန်ခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
“ကျနော်တို့ကတော့ အခြားမြို့တွေလို ပြည်သူကို အဖြစ်မခံနိုင်ပါဘူး။ ပြီးတော့ ဝန်းသိုမှာ တပ်ရင်း ၂ ရင်းဖြစ်တဲ့ ခမရ ၁၂၀ နဲ့ ခမရ ၁၁၁ ရှိနေတဲ့အတွက် ကျနော်တို့တော်တော်ကြိုးစားကြရမှာဖြစ်လို့ပြည်သူကို ငဲ့ကွက်တဲ့အနေနဲ့ ကြိုတင် ပန်ကြားတာပါ” ဟု အမှတ် ၁ စစ်ဒေသ၊ ကောလင်းခရိုင် အမှတ် ၄ တပ်ရင်း၏ ပြောရေးဆိုခွင့်ရှိသူက ရှင်းပြသည်။
လတ်တလော ကောလင်းမြို့နယ်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲများ အရှိန်အဟုန်မြှင့် ဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ဆောင်ရွက်လျက်ရှိကြောင်း၊ တော်လှန်ရေးတပ်များကလည်း ကောလင်းမြို့ကို ပြန်လည် သိမ်းပိုက်နိုင်ရေး ထိုးစစ်များ အရှိန်အဟုန်မြှင့်တင်နေကြောင်း သိရှိရသည်။
“ကောလင်းဘက်ကို စစ်တပ်က ဝန်းသိုကနေ စစ်ကူပေးပို့နေတာ။ စစ်ဆိုင်နေတာက ကောလင်းပါ။ တကယ်လို့ ဝန်းသိုဘက်မှာပါ တိုက်ပွဲတွေဖြစ်လာရင်တော့ ပိုပြီး စစ်မီးပိုပြင်းလာနိုင်ပါတယ်။ ဝန်းသိုဘက်မှာ ကောလင်းစစ်ရှောင်တွေလည်းရှိတော့ ပိုပြီး သတိထားရမယ်လို့ ထင်ပါတယ်” ဟု လက်ရှိ စစ်ရေး အခြေအနေကို ကောလင်းမြို့ရှိ တော်လှန်ရေးတပ်များနှင့် အချိတ်အဆက်ရှိနေသော ထောက်ပို့သတင်းရင်းမြစ်က ရှင်းလင်းပြောဆိုသည်။




