ဒီကနေ့ ဇန်နဝါရီ ၆ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-စစ်ကိုင်းတိုင်း၊ ကသာအကျဉ်းထောင်မှာ ထောင်မှူးသန်းနိုင်က စစ်ပြေး၊ ရဲပြေးနဲ့ အကျဉ်းဦးစီးဌာန ဝန်ထမ်းတွေကို လက်နက်တပ်ဆင်ပေးကာ ခံစစ်ပြင်ခိုင်းပြီးနောက် သူနဲ့ မိသားစုကတော့ ခမရ ၃၀၉ ထဲကို ထွက်ပြေးသွားတယ်လို့ အကျဉ်းဦးစီးဌာန သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့မရဲစခန်းက ဒုရဲအုပ်အောင်ကိုလင်းဟန်နဲ့ ဇနီး ရဲဒုတပ်ကြပ် ငြိမ်းငြိမ်းထွေးတို့ ပြည်သူ့ဘက်ကို ဘက်ပြောင်းရပ်တည်လာပြီး လတ်တလော ကရင်နီမှာ ရောက်ရှိနေတယ်လို့ အဲဒီရဲ ၂ ဦးကို ကူညီနေတဲ့ ထောက်ပို့စစ်သည်တော် မရွှေဂျူးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ စစ်သားတွေလိုက်ပါလာတဲ့ အိမ်စီးကားနဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ရာ အရာရှိ ၁ ဦးအပါအဝင် စစ်သား ၁၅ ဦး ထက်မနည်း သေဆုံးခဲ့ပြီး လက်နက် ၂ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ နတ်မောက်မြို့နယ် ပကဖတာဝန်ခံ ကိုအဆိပ်သီးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
အမေရိကန်တပ်ဖွဲ့တွေရဲ့ ဖမ်းဆီးခြင်းကိုခံခဲ့ရတဲ့ ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရိုဟာ တနင်္လာနေ့ (ဇန်နဝါရီ ၅ ရက်) မှာ အမေရိကန်တရားရုံးမှာ ပထမဆုံးအကြိမ်အဖြစ် ရုံးထုတ်ခဲ့ပြီး တစ်ဖက်မှာလည်း သမ္မတထရမ့်က ဗင်နီဇွဲလားဘက်က အလိုက်သင့် မပူးပေါင်းဘူးဆိုရင် နောက်ထပ်စစ်ရေးအရ ကျူးကျော်မှုတွေ ထပ်လုပ်ဖို့ အသင့်ရှိနေကြောင်း ပြောကြားလိုက်တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။




